တန်းဆင်းဇုန်အပြင်ဘက် ရောက်ရှိခဲ့ခြင်းအတွက် ဘာမှမခံစားရဘူးလို့ ဒီဇာဘီ ပြောကြား

တန်းဆင်းဇုန်အပြင်ဘက် ရောက်ရှိခဲ့ခြင်းအတွက် ဘာမှမခံစားရဘူးလို့ ဒီဇာဘီ ပြောကြား
Photo: X
Photo: X
Published 4 May 2026

စပါးအသင်းရဲ့နည်းပြ ဒီဇာဘီက ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အပြင်ဘက် ရောက်ရှိခဲ့ခြင်းအတွက် ဘာမှမခံစားရဘူးလို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်အပြင်ဘက် အဆင့်(၁၇)နေရာကို ရောက်ရှိခဲ့တာပါ။

စနေနေ့က ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းက အဆင့်(၁၈)နေရာ ရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့် ဘယ်လိုခံစားရသလဲလို့ မေးမြန်းခဲ့ရာမှာ ဒီဇာဘီက ''ဘာမှမခံစားရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရာသီက အဆုံးမသတ်သေးတာကြောင့်ပါ။ ကျွန်တော်တို့ နောက်ထပ်(၃)ပွဲ ကစားရဦးမှာဖြစ်ပြီး တနင်္လာနေ့မှာ လိဒ်စ်နဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။ သူတို့ကစားတာ အရမ်းကောင်းနေပါတယ်။ ကျွန်တော်တို့ ဝုလ်ဗ်နဲ့ပွဲမတိုင်ခင်က အခြေအနေကို မေ့ပစ်လို့ မရနိုင်ပါဘူး။ အဲဒါက အရမ်းဝမ်းနည်းစရာကောင်းတဲ့ အခြေအနေဖြစ်ပြီး အဲဒီအမှတ်ရစရာက ကျွန်တော်တို့ခေါင်းထဲမှာ ရှိနေတုန်းပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ ဝုလ်ဗ်နဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ (၁၅)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီး (၉)ပွဲရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာမှ (၂)ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။

ပရီးမီးယားလိဂ်လက်ကျန်(၃)ပွဲမှာ စပါးအသင်းက လိဒ်စ်၊ ချယ်လ်ဆီး၊ အဲဗာတန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဝက်စ်ဟမ်းက အာဆင်နယ်၊ နယူးကာဆယ်၊ လိဒ်စ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

Most Read

Most Recent