လက်စတာအသင်းပိုင်ရှင် ဗီချိုင်း ပိုင်ဆိုင်သည့် ဟယ်လီကော်ပတာ King Power ကွင်းအနီးတွင် ပျက်ကျ

လက်စတာအသင်းပိုင်ရှင် ဗီချိုင်း ပိုင်ဆိုင်သည့် ဟယ်လီကော်ပတာ King Power ကွင်းအနီးတွင် ပျက်ကျ
Published 28 October 2018

 

လက်စတာအသင်းပိုင်ရှင် ဗီချိုင်းဆီရိဗတ်ဒန္နာပရာဘာပိုင်ဆိုင်သည့် ဟယ်လီကော်ပတာသည် စနေညက ကစားခဲ့သည့် လက်စတာ (၁-၁) ဝက်စ်ဟမ်းပွဲအပြီး လက်စတာအသင်း၏ အိမ်ကွင်း King Power ကွင်းအနီးတွင် ပျက်ကျခဲ့ကြောင်း သိရသည်။

ဗီချိုင်း ပိုင်ဆိုင်သည့် ဟယ်လီကော်ပတာသည် လက်စတာအသင်းဝန်ထမ်းများ၏ ကားပါကင်နားတွင် လက်စတာ (၁-၁) ဝက်စ်ဟမ်းပွဲအပြီး နာရီပိုင်းအကြာ ဒေသစံတော်ချိန် (၈း၃၀)နာရီ၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကို ကိုယ်တွေ့မြင်သူများ၏ ပြောပြချက်အရ ဟယ်လီကော်ပတာမှာ အင်ဂျင်ချွတ်ယွင်းခဲ့ပုံပေါ်ပြီး ထိန်းမရဘဲ မီးလောင်ကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကဲ့သို့ ဟယ်လီကော်ပတာပျက်ကျခဲ့သည့် အနီးအနားရှိလူများမှာ အထိတ်တလန့်ထွက်ပြေးခဲ့ကြကြောင်း Sky Sports က ဖော်ပြခဲ့သည်။

လက်စတာပိုင်ရှင် ထိုင်းဘီလျံနာ ဗီချိုင်းသည် လက်စတာအသင်းကို ၂၀၁၀ ခုနှစ်က ပေါင် (၃၉)သန်းဖြင့် ဝယ်ယူခဲ့သူဖြစ်ပြီး အသင်း၏ ပွဲစဉ်များကို ဟယ်လီကော်ပတာစီးကာ လာရောက်ကြည့်ရှုလေ့ရှိကာ အသင်း၏ ဘုတ်အဖွဲ့မှ တာဝန်ရှိသူများကိုလည်း ဟယ်လီကော်ပတာဖြင့် ခေါ်သွားလေ့ရှိကြောင်း သိရသည်။

အသက် (၆၁)နှစ်အရွယ်ရှိ ဗီချိုင်းသည် ဒေါ်လာ (၄.၉)ဘီလီယံအထိ ကြွယ်ဝချမ်းသာချမ်းသာသူဖြစ်ပြီး အောက်တိုဘာ (၂၇)ရက် စနေညက ကစားခဲ့သည့် လက်စတာ (၁-၁) ဝက်စ်ဟမ်းပွဲကို လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သို့သော် ပေါင် (၂)သန်းတန် Augusta Westland AW-169 ဟယ်လီကော်ပတာ ပျက်ကျရာတွင် ဗီချိုင်းအနေဖြင့် ဟယ်လီကော်ပတာစီးခဲ့ခြင်း ရှိ၊ မရှိကိုမူ အခုအချိန် ရှင်းရှင်းမသိရသေးကြောင်းနှင့် မည်သူများ ပါဝင်သည်ကိုလည်း မသိရသေးကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

လက်စတာဒေသမှ ရဲများက King Power ကွင်းအနားတွင် ဖြစ်ပွားခဲ့သည့် ဟယ်လီကော်ပတာပျက်ကျမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ယင်းဖြစ်ရပ်အတွက် အင်္ဂလန်တိုက်စစ်မှူး ဗာဒီအပါအဝင် လက်စတာအသင်းကစားသမားများက ဆုတောင်းသည့် ပုံများကို ၎င်းတို့၏ Twitter စာမျက်နှာများတွင် တင်ထားကြပြီး ဗီချိုင်းအတွက် စိုးရိမ်နေကြကြောင်း သိရသည်။

Most Read

Most Recent