မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် ဧရိယာ၌ပါရှိသော တွံတေးမြို့နယ်ရှိ လယ်ဧက ၂၆၂ ဧကတွင် အငြိမ်းစားဝန်ထမ်းနှင့် ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းများ မကြာမီအကောင်အထည်ဖော်မည်ဟုဆို

မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် ဧရိယာ၌ပါရှိသော တွံတေးမြို့နယ်ရှိ လယ်ဧက ၂၆၂ ဧကတွင် အငြိမ်းစားဝန်ထမ်းနှင့် ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းများ မကြာမီအကောင်အထည်ဖော်မည်ဟုဆို
Published 20 December 2017

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေသည့် လှည်းကူးဒေသခံများကို တွေ့ရစဉ်

မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် ဧရိယာတွင်ပါရှိသော တွံတေးမြို့နယ်ရှိ လယ်ဧက ၂၆၂ ဧကတွင် ကျူးကျော်နှင့် အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ယာစီမံကိန်းများကို မကြာမီစတင်အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်သိန်းက ပြောကြားခဲ့ကြောင်း တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ဆိုသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် တွံတေးမြို့နယ်၊ ရေကျော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေး-လှိုင်သာယာကားလမ်း အနောက်အခြမ်း မြို့သစ်စီမံကိန်းဆောင်ရွက်ရေး လုပ်ငန်းတွေ့ဆုံပွဲ အခမ်းအနားတွင်သို့တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားခဲ့သည်။

“ဝန်ကြီးချုပ်က မြို့သစ်စတည်မယ် စီမံကိန်းစမယ်ဆိုပြီး ပြောတယ်။ အဲဒီအတွက်ကြောင့် လယ်သမားတွေနဲ့ လာတွေ့တာဖြစ်တယ်။ ညှိနှိုင်းတဲ့နေရာမှာ ကန့်ကွက်တဲ့သူတွေလည်းရှိတယ်။ ဒေသခံကတော့ သဘောကျတာများတယ်။ ဒေသခံမဟုတ်ဘဲ အပြင်ကလာဝယ်ထားတဲ့သူတွေက ကန့်ကွက်ကြတယ်။ တွံတေးမှာ ဧက ၃၀၀၀ ကျော်ရှိတယ်။ ဧက ၂၇၀၀ ကျော်က လယ်တွေပေါ့ ကျန်တဲ့ ၃၀၀ ကျော်က ယာမြေနဲ့ သာသနိကအဆောက်အအုံမြေပေါ့၊ ဧက ၂၇၀၀ ကျော်ထဲက ဧက ၂၆၂ ဧကကို စတင်အကောင်အထည်ဖော်မယ်ပေါ့၊ မကြာခင် စအကောင်အထည်ဖော်မယ်ပြောမယ်။ အချိန်အတိအကျတော့ မပြောဘူး။ အဲဒီနေရာတွေကို ဝန်ကြီးချုပ်ကလည်းသွားကြည့်တယ်။ ဒီစဖော်မှာက အငြိမ်းစားဝန်ထမ်းနဲ့ ကျူးတွေအတွက် စတင်အကောင်အထည်ဖော်မှာ ဖြစ်တယ်” ဟု ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားသည်။

မြို့သစ်စီမံကိန်း အကောင်အထည်ဖော်သည့်အခါတွင် အဓိကအားဖြင့် အများပိုင်ကုမ္ပဏီတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအောက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ တစ်ဖက်က ပါဝင်တဲ့အဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် စဖွဲ့ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ၃၀၀၀ ကျော်ရှိသည့် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ၏ စီးပွားရေးလုပ်ငန်း MCDP (Myanmar Construction Development Public Co.,Ltd) ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ MCDP နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ Metropolitan Public Co.,Ltd ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စတင်ဖွဲ့စည်းခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်း၊ MCDB ကတော့ ၄၉ ရာခိုင်နှုန်းပါကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် သိမ်းယူမည့်မြေ ၁၀ ဧကလျှင် နှစ်သက်ရာနေရာမှ မြေနှစ်ဧကသာ လျော်ကြေးအဖြစ် ပြန်ရမည်ဖြစ်ပြီး ငွေသားလျော်ကြေးရယူလိုသူ အချို့လည်းရှိနေကြောင်း ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။

အဆိုပြုထားသော ရန်ကုန်မြို့သစ်စီမံကိန်းများတွင် မြေဧက ၅၀၀၀၀ ခန့်၌ ဒေါ်လာ ၁၅ ဒသမ ၈၅၇ ဘီလျံရင်းနှီးမြှုပ်နှံရမည့် တွံတေးနှင့် ဒလမြို့သစ်စီမံကိန်းပါဝင်ပြီး ဒလဘက်ခြမ်း သီလဝါတစ်ဖက်ကမ်းနှင့် ကွမ်းခြံကုန်းဆက်စပ်ဧရိယာတွင် လေဆိပ်သစ်၊ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ထောင်ရန် စီစဉ်နေကြောင်း မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်း အစီအစဉ်အရ သိရသည်။

အဆိုပါ မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Yangon City Development Committee နှင့် ဂျပန်နိုင်ငံ JICA (Japan International Coorperation Agency) ကိုရီးယားနိုင်ငံ KOICA (Korean International Coorperation Agency) တို့နှင့်ပူးပေါင်းဆောင်ရွက်မှုအပြင် ပြင်သစ်နိုင်ငံ AFD နှင့်လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အင်္ဂလန်နိုင်ငံ DFID (Department for International Development) မှလည်း စက်မှုဇုန်များဖွံ့ဖြိုးရေးအတွက် လေ့လာမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းဧရိယာသည် ရန်ကုန်တိုင်းဒေသကြီး မဟာရန်ကုန် (၁၅၀၀ စတုရန်းကီလိုမီတာ) အပါအဝင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (၁၀၁၇၀ စတုရန်းကီလိုမီတာ)ဖြစ်ပြီး စီမံကိန်းရည်မှန်းနှစ်ကို ၂၀၄၀ ပြည့်နှစ်အထိ ရည်မှန်းချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

Most Read

Most Recent