မခွဲထွက်ရဟူသောခေါင်းစဉ်ကို လာမည့်နိုင်ငံရေးဆွေးနွေးပွဲတွင် လုံးဝမထည့်ရန်နှင့် ဆွေးနွေးစရာမလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တောင်းဆိုထားဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား

မခွဲထွက်ရဟူသောခေါင်းစဉ်ကို လာမည့်နိုင်ငံရေးဆွေးနွေးပွဲတွင် လုံးဝမထည့်ရန်နှင့် ဆွေးနွေးစရာမလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တောင်းဆိုထားဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား
အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် တပ်မတော်ခေါင်းဆောင်များနှင့်အတူ ထိုင်နေသည့် ဗိုလ်ချုပ်ကြီးယွက်စစ် (လယ်-ရှမ်းဝတ်စုံ) အား တွေ့ရစဉ် 
အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် တပ်မတော်ခေါင်းဆောင်များနှင့်အတူ ထိုင်နေသည့် ဗိုလ်ချုပ်ကြီးယွက်စစ် (လယ်-ရှမ်းဝတ်စုံ) အား တွေ့ရစဉ် 
Published 22 October 2018
  မင်းနိုင်စိုး

ရှေ့ဆက်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် မခွဲထွက်ရဟူသောခေါင်းစဉ်ကို အာဂျင်ဒါထဲတွင် လုံးဝမထည့်ရန် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က နေပြည်တော်တွင် ကျင်းပခဲ့သော အစိုးရနှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် တောင်းဆိုခဲ့ပြီး ယင်းအချက်သည် ဆွေးနွေးစရာ မလိုကြောင်းနှင့် NCA စာချုပ်ပါ ဆွေးနွေးရမည့် အချက်များတွင်လည်း မပါဝင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဧရာဝတီ သတင်းဌာနတို့၏ သီးသန့်အင်တာဗျူးတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါအချက်သည် ဖက်ဒရယ်မူ၏ အခြေခံတစ်ရပ်လည်း မဟုတ်ဟု ၎င်းက ပြောကြားသည်။

“ရှေ့ဆက်ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့အနေနဲ့ တောင်းဆိုတာကတော့ ဒီမခွဲထွက်ရဆိုတဲ့ ခေါင်းစဉ်ကြီးကို အာဂျင်ဒါထဲမှာ လုံးဝမထည့်ဖို့၊ ကျွန်တော်တို့ ဆွေးနွေးနေစရာ မလိုဘူးလို့ တောင်းဆိုထားပါတယ်။ အမှန်ဆိုရင် ဒီဟာက ကျွန်တော်တို့ NCA သဘောတူစာချုပ်ထဲမှာလည်း ဆွေးနွေးဖို့ အချက်တွေထဲမှာလည်း မပါပါဘူး။ ပြီးတော့ ဒီဟာက ဖက်ဒရယ်မူရဲ့ အခြေခံတစ်ရပ် အနေနဲ့လည်း မရှိပါဘူး။ အမှန်က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်မတော်က တစ်ဖက်သတ်လိုချင်တဲ့ အာမခံချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်ဟာ တပ်မတော်တစ်ခုတည်း ပိုင်ဆိုင်တဲ့ တိုင်းပြည်မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်တဲ့ တိုင်းပြည်ဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေး ကဏ္ဍအား ဆွေးနွေးသည့်အခါ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာရခြင်းသည် ခွဲမထွက်ရဟူသော စကားရပ်တစ်ခုကို အသုံးပြုခြင်းကြောင့်ဖြစ်ပြီး ခွဲမထွက်ရဟူသော အချက်နှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၁၀ ဦးက လက်မှတ်ထိုးရုံဖြင့် မလုံလောက်ဘဲ ခွဲမထွက်ရဟူသောအချက်ကို တောင်းဆိုမည်ဆိုပါက လူထုဆန္ဒခံယူပွဲလုပ်ရန် လိုအပ်ကြောင်းနှင့် ထိုသို့ ဆန္ဒခံယူပွဲမလုပ်ပါက အဖြေမရနိုင်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

“အဲဒါကြောင့်မို့လို့ ဒီအာမခံချက်ကို တပ်မတော်ဆီမှာပဲ ဘာကြောင့်သွားပေးဖို့ လိုကြသလဲပေါ့။ ကျွန်တော်တို့ အာမခံချက် ဆိုတာကတော့ တိုင်းရင်းသားတွေအနေနဲ့ တပ်မတော်ကို မေးကြည့်ရမှာ ဖြစ်ပါတယ်။ အမှန်ဆိုရင် တပ်မတော်အနေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ဖို့ ကြိုးပမ်းနေပြီဆိုရင် ထပ်မံပြီးတော့ အာဏာမသိမ်းပါဘူးဆိုတာကို ဘယ်လိုအာမခံချက်မျိုးပေးမလဲဆိုတာကို ကျွန်တော်တို့ တပ်မတော်အပေါ်ကိုလည်း မေးခွန်းရှိနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီမေးခွန်းကို ကျွန်တော်တို့လည်း မမေးရသေးပါဘူး” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ရှမ်းပြည်အနေဖြင့် ခွဲထွက်ခွင့်ဆိုသည့် ကိုယ်ပိုင်အခွင့်အရေး ရှိနေသော်လည်း ၎င်းအနေဖြင့် ခွဲထွက်ခွင့်ဆိုသည့်အပေါ်တွင် ရပ်တည်ကာ နိုင်ငံရေးဆွေးနွေးပွဲတွင် လာရောက် ဆွေးနွေးနေခြင်း မဟုတ်ကြောင်း၊ ယင်းအချက်နှင့်ပတ်သက်၍ တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခွဲချင်လိုခြင်း ရှိ၊ မရှိ တီးခေါက်ကြည့်ခြင်းလားဟု ၎င်းက ဆိုသည်။

“ဒီစကားရပ်နဲ့ပတ်သက်ပြီး ဒို့တာဝန် အရေးသုံးပါးနဲ့တင် လုံလောက်နေပြီ။ ဒီထက်အပို မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဒီဒို့တာဝန် အရေးသုံးပါးဆိုတာကလည်း NCA ထဲမှာ လက်မှတ်ရေးထိုးထားတဲ့ အချက်ဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးရာတွင် အပြန်အလှန် အလျှော့အတင်းမရှိသည့်အတွက် အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ဘဲ  ဖြစ်နေကြောင်း၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ရှိနေပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လွယ်လွယ်ကူကူ ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က သုံးသပ်ပြောကြားသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပထမဆုံးအချက်မှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန် အမှန်ပင်လိုအပ်ပြီး လက်ရှိအခြေအနေတွင် အပြန်အလှန်အပြစ်တင်မှု၊ ဝေဖန်မှုများရှိနေကာ အဆိုပါ အခြေအနေသည် ယုံကြည်မှု မတည်ဆောက်နိုင်သည့်အပြင် ပြဿနာများဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent