အင်တာမီလန်အသင်းတွင်သာ ဆက်ကစားလိုကြောင်း အီကာဒီ ပြောကြား

အင်တာမီလန်အသင်းတွင်သာ ဆက်ကစားလိုကြောင်း အီကာဒီ ပြောကြား
Published 19 October 2018

 

အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီက အင်တာမီလန်အသင်းတွင်သာ ဆက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ အင်တာမီလန်အသင်းခေါင်းဆောင် အီကာဒီသည် ပြီးခဲ့သည့် (၂) ရာသီဆက်တိုက် အသင်းအတွက် တစ်ရာသီလျှင် ပြိုင်ပွဲစုံတွင် (၂၅)ဂိုးကျော် သွင်းယူပေးခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ၎င်းအား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြသော်လည်း အီကာဒီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အီကာဒီက "ကျွန်တော်ကတော့ ဒီ(အင်တာမီလန်)မှာ နေရတာကို ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ကို ခေါ်ယူဖို့ ဆက်သွယ်လာတဲ့အသင်းတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဒီအသင်းမှာ ဆက်နေဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ အင်တာမီလန်အသင်းရဲ့ ဂျာစီကိုဝတ်ဆင်ပြီး ချန်ပီယံလိဂ်မှာကစားဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။ အခု ကစားခွင့်ရလည်း ရနေပါပြီ။ ဒါကြောင့် အင်တာမီလန်အသင်းကနေ ကျွန်တော့်အနေနဲ့ ထွက်ခွာဖို့ မရှိပါဘူး"ဟု ပြောကြားခဲ့သည်။

အီကာဒီသည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၈) ပွဲတွင် (၅)ဂိုးအထိ သွင်းယူပေးထားသည်။

အင်တာမီလန်အသင်းနှင့် အီကာဒီ၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အင်တာမီလန်အသင်းက ၎င်းကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

"အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ကျွန်တော်တို့ နည်းလမ်းတွေရှာဖွေနေပါတယ်။ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စက ဘယ်တော့ဖြစ်လာမယ်ဆိုတာတော့ ကျွန်တော် မသိသေးပါဘူး"ဟု အီကာဒီက ပြောကြားခဲ့သည်။

Most Read

Most Recent