ဗန်ဒိုက်နှင့် ဆာလာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဟတ်ဒါဖီးလ်နှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိ

ဗန်ဒိုက်နှင့် ဆာလာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဟတ်ဒါဖီးလ်နှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိ
Published 19 October 2018

 

လီဗာပူးလ်အသင်း၏ နောက်ခံလူ ဗန်ဒိုက်နှင့် တိုက်စစ်ကစားသမား ဆာလာတို့သည် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဟတ်ဒါဖီးလ်အသင်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဆာလာနှင့် ဗန်ဒိုက်တို့သည် နိုင်ငံအသင်းများအတွက် ကစားရင်း အသေးစားဒဏ်ရာရရှိခဲ့ကြပြီး ဟတ်ဒါဖီးလ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အောက်တိုဘာ (၁၈)ရက်နေ့က ပြုလုပ်ခဲ့သည့် လီဗာပူးလ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ဆာလာသည် ဆွာဇီလန်အသင်းနှင့်ပွဲတွင် ပေါင်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး၊ ဗန်ဒိုက်မှာ ဂျာမနီအသင်းကို အနိုင်ရသည့်ပွဲတွင် နံရိုးနာကျင်မှုကြောင့် ဘယ်လ်ဂျီယံအသင်းနှင့် ခြေစမ်းပွဲကို မကစားဘဲ လီဗာပူးလ်အသင်းသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးနှင့်အတူ မန်စီးတီးအသင်းနှင့် (၀-၀)ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည့် ၀ါရင့်ကွင်းလယ်လူ မီလ်နာမှာလည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရသည်။

သို့သော် ဂီနီအသင်းအတွက် ကစားရင်း တံကောက်ကြောဒဏ်ရာရခဲ့သည့် ကွင်းလယ်လူ ကီတာနှင့် ဆီနီဂေါအသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် လက်မကျိုးသွားသဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် တောင်ပံကစားသမား မာနေတို့မှာ လေ့ကျင့်ခန်း မဆင်းနိုင်သေးကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၈)အပြီးတွင် မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့နှင့်အတူ ရမှတ် (၂၀)မှတ်ရရှိထားပြီး ဂိုးကွာခြားချက်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ထို့ကြောင့် လီဗာပူးလ်အသင်းအနေဖြင့် လာမည့် စနေနေ့ မြန်မာစံတော်ချိန်ည (၁၁းဝ၀) နာရီတွင် ကစားမည့် ဟတ်ဒါဖီးလ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် အနိုင်ရရန် မျှော်လင့်နေကြောင်း သိရသည်။

Most Read

Most Recent