တန်ဆောင်တိုင် ရုံးပိတ်ရက်ရှည်ခြင်းကြောင့် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် ဟိုတယ်အခန်းအားလုံးနီးပါး လူများပြည့်လျှံ

တန်ဆောင်တိုင် ရုံးပိတ်ရက်ရှည်ခြင်းကြောင့် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် ဟိုတယ်အခန်းအားလုံးနီးပါး လူများပြည့်လျှံ
Published 3 November 2017

ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများအား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်

တန်ဆောင်တိုင် ရုံးပိတ်ရက်ရှည်ခြင်းကြောင့် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများတွင် လာရောက်အပန်းဖြေသူ ခရီးသွားများ အလွန်များပြားနေပြီး နိုဝင်ဘာ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်များအတွက် ဟိုတယ်ခန်းများ ကြိုတင်မှာယူထားသူများ အလွန်များနေပြီး ဟိုတယ်အားလုံးနီးပါး လူများပြည့်လျှံနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ် တန်ဆောင်မီးထွန်းပွဲတော်အတွက် အစိုးရရုံးပိတ်ရက်မှာစနေ၊ တနင်္ဂနွေများ အပါအဝင် ရုံးပိတ်ရက် လေးရက်အထိ ရှိနေသောကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ မိသားစုလိုက် လာရောက် အပန်းဖြေသည့် ခရီးသွားများ အလွန်များပြားနေကာ ပုသိမ်-ချောင်းသာ ကားလမ်းနှင့် ပုသိမ်-ငွေဆောင် ကားလမ်းမတစ်လျှောက်တွင်ပါ နိုဝင်ဘာ ၃ ရက်တွင် ယာဉ်ကြောများ ပိတ်ဆို့နေသည်အထိ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ကမ်းခြေများရှိ ဟိုတယ်များတွင်လည်း ခရီးသွားများ ဝင်ရောက်မှု များပြားနေသောကြောင့် ဟိုတယ်အသီးသီးရှိ ဟိုတယ်ခန်းအားလုံးနီးပါးတွင် တည်းခိုနေသူများဖြင့် ပြည့်လျှံနေလျက်ရှိကြောင်း၊ ခရီးသွားများလုံခြုံရေးနှင့် အသက်အန္တရာယ်ကင်းရှင်းစွာ အပန်းဖြေ ရေကူးနိုင်ရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများကလည်း ကမ်းခြေတစ်လျှောက်တွင် လုံခြုံရေးများ ပိုမိုတိုးမြှင့်ထားပေးလျက်ရှိနေကြောင်း သိရသည်။

“ငွေဆောင်ကမ်းခြေမှာက ဒီနှစ်မှာ ခရီးသွားဝင်ရောက်မှု အများဆုံးပဲ သီတင်းကျွတ်တုန်းကထက် လူပိုများတယ်။ ဟိုတယ်အားလုံးလိုလိုမှာ အခန်းတွေက ပြည့်နေကြပြီ။ ရုံးပိတ်ရက်လည်း ရက်ရှည်တော့ လာရောက်တဲ့ လူတွေအလွန်များပါတယ်။ သီးသန့်အခြား ပျော်ပွဲရွှင်ပွဲတွေတော့ စီစဉ်ထားတာမရှိပါဘူး။ ၃ ရက်၊ ၄ ရက်၊ ၅ ရက်အတွက် အခန်းမှာထားသူပိုများတယ်။ ၅ ရက်ကတော့ ခရီးသည်တွေ ပြန်လည်ထွက်ခွာမှာပေါ့” ဟု ငွေဆောင်မြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနဦးစီးမှုး ဦးစိုးဝင်းက ဆိုသည်။

ချောင်သာကမ်းခြေတွင်မူ နိုဝင်ဘာ ၂ ရက်တွင် ခရီးသွားများဝင်ရောက်မှု နည်းပါးနေသေးသော်လည်း နိုဝင်ဘာ ၃ ရက်၊ ၄ ရက်၊ ၅ ရက်များအတွက် ဟိုတယ်ခန်းများ မှာကြားထားမှုများ အလွန်များပြားနေကာ ဟိုတယ်အားလုံးနီးပါးတွင် ကြိုတင်မှာယူထားသူများဖြင့် အခန်းများပြည့်နေသည်အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ချောင်းသာကမ်းခြေမှာ ကဘာပွဲတော်မှ ထူးထူးခြား ပြင်ဆင်ထားတာမရှိပါဘူး။ ဟိုတယ်နှစ်ခုကတော့ စတိတ်ရှိုးအသေးလေးတွေ လုပ်ဖို့တော့ရှိတယ်။ ပိတ်ရက်လေး ရက်မှာ ၂၊ ၃၊ ၄ အတွက်ကတော့ ဟိုတယ်မှာထားတာက အကုန်ပြည့်ခါနီးပဲ။ အထူးသဖြင့် ၃ ရက်အတွက်က အခန်းလွတ်တွေ မကျန်ကြတော့ဘူး။ အစိုးရရုံးပိတ်ရက်တိုင်း ချောင်းသာက လူများလေ့ရှိပါတယ်။ ဒီပိတ်ရက်ကျတော့ ပိတ်ရက်လေးရက်တောင် ရရှိလို့ များပြားသွားတာပါ” ဟု ချောင်းသာကမ်းခြေဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးညီညီအောင် ဧကရဇ်ဟိုတယ်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်းသာ၊ ငွေဆောင်ကမ်းခြေများတွင် ခရီးသွားဝင်ရောက်မှုများ အလွန်များပြားနေပြီဖြစ်သော်လည်း ဂေါ်ရန်ဂျီကျွန်းကမ်းခြေတွင်မူ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ခရီးသွားဝင်ရောက်မှု အနည်းငယ် နည်းပါးနေသေးကြောင်း သိရသည်။

Most Read

Most Recent