လက်ရှိဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်သည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့ပြီး ထိုသို့မှတ်တမ်းတင်ခြင်းကို တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်

လက်ရှိဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်သည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့ပြီး ထိုသို့မှတ်တမ်းတင်ခြင်းကို တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်
Published 1 November 2017

မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်မှုကို အောက်တိုဘာ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

ထိုသို့ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်သည့်ကိစ္စကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သောင်းစိန်က ကန့်ကွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ထိုသို့ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေတို့အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။

“အခုဟာက နိုင်ငံတော်သမ္မတက မှတ်တမ်းတင်ပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယကထံဆီ သဝဏ်လွှာပေးပို့တာပါ။ ခုနကရှင်းပြချက်အတိုင်းပဲ ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒီဟာသိတဲ့ဟာကို အကြံပြုနိုင်အောင် ကျွန်တော်တို့ လွှတ်တော်ကနေ ပြီးတော့ ဆွေးနွေးတဲ့အစီအစဉ် ထည့်ပေးလိုက်တာပါ။ အဓိက,ကတော့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့လာရင် ဒီဆွေးနွေးပွဲလုပ်စရာမလိုဘဲ မှတ်တမ်းတင်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ခုနကလိုပေါ့။ အများပြည်သူကလည်း ဒါလေးသိရှိနိုင်အောင် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးတဲ့အစီအစဉ်လေး ထည့်ပေးလိုက်တာပါ။ ဟိုပထမ တစ်ခါကတည်းက ဒီသဝဏ်လွှာပို့ဖို့ဟာကို မှတ်တမ်းတင်လိုက်ရင် ပြီးတဲ့ကိစ္စပါ။ ဒါပေမဲ့ ခုနကလိုပေါ့။ အများကလည်း ဒီမှာအကြံပြုနိုင်အောင်၊ အကြံပြုတဲ့အတိုင်းလည်း အစိုးရအဖွဲ့က လိုက်လံဆောင်ရွက်နိုင်အောင် လွှတ်တော်က ဆွေးနွေးပွဲလေး ထည့်ပေးလိုက်တာပါ” ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်မှုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ စက်တင်ဘာ ၂၉ ရက်က သဝဏ်လွှာပေးပို့ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစားသုံးသပ်ရန်လိုကြောင်း ဆွေးနွေးခဲ့ပြီး NLD ပါတီမှ ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်လိုသည့် အဓိကအကြောင်းရင်းမှာ ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် လိုအပ်နေသော အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့် တည်ဆောက်ရန် လိုအပ်နေသည့်အချိန်ဖြစ်သဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဆက်တည်းဖြစ်သော ပွင့်လင်းရာသီအများဆုံး ရရှိနိုင်စေရန်ဖြစ်ကြောင်း ပြောကြားသည်။

“ဘဏ္ဍာနှစ် ပြောင်းလဲသည့်အခါ စနစ်ဟောင်းမှ စနစ်သစ်ကို ကူးပြောင်းချိန်အတွင်း ပထမပိုင်းမှာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေအရပ်ရပ်ဟာ စီမံခန့်ခွဲမှုနည်းလမ်းအသွယ်သွယ်နဲ့ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပြီး ကာလရှည်မှာ ကောင်းမွန်တဲ့ အကျိုးရလဒ်များသာ စဉ်ဆက်မပြတ် ရရှိနိုင်မှာဖြစ်ပါတယ်။ ဘဏ္ဍာနှစ်ပြောင်းလဲမှုနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေတွင် လက်ရှိဘဏ္ဍာနှစ်နှင့် ဆီလျော်ညီညွတ်စေရန် ဘတ်ဂျက်ပြင်ဆင်မှုအတွက် အချိန်ကာလသတ်မှတ်ချက်များကို ထည့်သွင်းပြဋ္ဌာန်းထားပြီး အဆိုပါ အချိန်ကာလ သတ်မှတ်ချက်များကို ပြောင်းလဲသည့်ဘဏ္ဍာနှစ်နှင့် ညီညွတ်စေရန် ပြန်လည်ပြင်ဆင် အစားထိုးပြဋ္ဌာန်းရန်ကိစ္စမှာ များစွာအခက်အခဲမရှိနိုင်ကြောင်း၊ ပြည်ပချေးငွေများနှင့် ပတ်သက်၍လည်း မည်သည့်ဘဏ္ဍာနှစ်ကို သတ်မှတ်သည်ဖြစ်စေ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားခြင်းဖြင့် ပြေလည်စေမည်ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ်ပြောင်းလဲရန် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီးဖြစ်သည့်အတွက် အဆင်ပြေချောမွေ့စွာ လိုက်ပါပြောင်းလဲနိုင်မည်ဖြစ်ကြောင်းလည်း သဘောထားမှတ်ချက်များရရှိပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

 

Most Read

Most Recent