လေယာဉ်မှူးလိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ အာဆီယံ၏ အပြန်အလှန် အသိအမှတ်ပြုမှုအစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး၍ လက်ခံအတည်ပြုကြောင်း အကြောင်းကြားနိုင်ရေးကိစ္စအား လွှတ်တော်သို့ ရှင်းလင်းတင်ပြ

လေယာဉ်မှူးလိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ အာဆီယံ၏ အပြန်အလှန် အသိအမှတ်ပြုမှုအစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး၍ လက်ခံအတည်ပြုကြောင်း အကြောင်းကြားနိုင်ရေးကိစ္စအား လွှတ်တော်သို့ ရှင်းလင်းတင်ပြ
Published 1 November 2017

အောက်တိုဘာ ၃၁ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် လေယာဉ်မှူးလိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ အာဆီယံ၏ အပြန်အလှန်အသိအမှတ်ပြုမှု အစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး၍ လက်ခံအတည်ပြုကြောင်း အကြောင်းကြားနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အောက်တိုဘာ ၃၁ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါအစီအစဉ်သည် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ လိုက်နာရသည့် Convention on International Civil Aviation ၏ Annex 1 (Personnel Licensing) ပါ နိုင်ငံတကာစံချိန်စံညွှန်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လေယာဉ်မှူးများအား လိုင်စင်ထုတ်ပေးခြင်းနှင့် လေယာဉ်မောင်းဆိုင်ရာ သင်တန်းကျောင်းများအား အသိအမှတ်ပြုခြင်းတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တူညီသောစံချိန်စံညွှန်းများ သတ်မှတ်ကာ အပြန်အလှန် အသိအမှတ်ပြုစနစ်တစ်ခု တည်ထောင်ခြင်းအားဖြင့် လေကြောင်းကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်သည့် အစီအစဉ်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းပြသည်။

အဆိုပါအစီအစဉ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ လေယာဉ်မောင်းဆိုင်ရာ သင်တန်းကျောင်းများတွင် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား လေယာဉ်မှူးများအား မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ၌ မောင်းနှင်ခွင့်လေယာဉ်မှူးလိုင်စင် ထုတ်ပေးရာတွင် လွယ်ကူမြန်ဆန်ခြင်း၊ အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက ထုတ်ပေးထားသော လေယာဉ်မှူးလိုင်စင်ကို မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ၌ မောင်းနှင်ခွင့် လေယာဉ်မှူးလိုင်စင်အဖြစ် ပြောင်းလဲပေးရာတွင် လွယ်ကူမြန်ဆန်ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။

ထို့ပြင် မိမိနိုင်ငံ၌ ထုတ်ပေးထားသော လေယာဉ်မှူးလိုင်စင်များကိုလည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများက လွယ်ကူမြန်ဆန်စွာ အသိအမှတ်ပြုပေးနိုင်ခြင်း၊ ယင်းအတွက် မိမိနိုင်ငံသား လေယာဉ်မှူးများနှင့် မိမိနိုင်ငံမှ လေကြောင်းအာဏာပိုင်များအနေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်တာများ လျော့ပါးသက်သာစေခြင်း၊ မိမိနိုင်ငံရှိ လေယာဉ်မောင်းဆိုင်ရာ သင်တန်းကျောင်းများကို အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများက အသိအမှတ်ပြုပေးနိုင်ခြင်း အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ၎င်းက ရှင်းလင်းတင်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာသည်။

 

Most Read

Most Recent