(၁၂) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးကျင်းပ

(၁၂) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးကျင်းပ
Published 31 October 2017

နေပြည်တော်ရှိ NRPC တွင်ကျင်းပသော (၁၂) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်မျိုး)

(၁၂) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် အောက်တိုဘာ ၃၀ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအစည်းအဝေးတွင် မည်သည့်အခြေခံမူဆိုင်ရာခေါင်းစဉ်များ ဆွေးနွေးကြမည်ကို သတ်မှတ်ပေးရန်ရှိကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့် အချိန်အလုံအလောက်ရရှိပြီး အကျေအလည် ညှိနှိုင်းနိုင်မယ့် အခြေအနေမျိုးဖန်တီးပေးရန် UPDJC က စဉ်းစားဆောင်ရွက်ပေးစေချင်ကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းနဲ့ ပြင်ဆင်ခြင်းကို ပြီးစီးအောင်ဆောင်ရွက်စေလိုကြောင်း၊ သဘောတူညီချက်များကို လက်တွေ့လုပ်ဆောင်ရာတွင် စနစ်တကျ ထိထိရောက်ရောက်ဖြစ်စေရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်စံသတ်မှတ်ချက် Standard Operation Procedure (SOP) များကိုရေးဆွဲကြရန်နှင့် UPDJC ၏ လုပ်ငန်းတာဝန်ထိရောက် အောင်မြင်စေရေးအတွက် ရုံးအဖွဲ့စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သွားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးသည့် RCSS နှင့် ALP နေရာများတွင် ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ကြိုးစားပေးစေလိုကြောင်း၊ မကျင်းပနိုင်ပါက ပြီးခဲ့သည့်ညီလာခံတွင် ကြုံတွေ့ခဲ့သည့်ပြဿနာကို လာမည့်ညီလာခံ၌ ထပ်မံကြုံတွေ့ရနိုင်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် အဆင့်တစ်ခုနှင့်တစ်ခုကြား၊ အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြားတွင် လုံလောက်သောအချိန်ပေးရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

“အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေက တကွဲတပြားစီနေကြတယ်။ တစ်စုတဝေးတည်းမနေဘူး။ လူမျိုးအရလည်းမတူဘူး။ ဖွဲ့စည်းတာလည်း မတူဘူး။ ဒါကြောင့် ကျွန်တော်တို့အတွင်းမှာ တိုင်ပင်ဖို့ လုံလောက်သောအချိန်လိုပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၌ ဆွေးနွေးမည့်ခေါင်းစဉ်များ သတ်မှတ်ခြင်းကိစ္စ၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးနှင့် ကျင်းပမည့်နေရာ၊ ကျင်းပမည့်ပုံစံ သတ်မှတ်ရေးကိစ္စ၊ UPDJC ၏ လုပ်ငန်းကော်မတီများတွင် ဆွေးနွေးမည့်စာတမ်းများကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန်ကိစ္စနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန် ROR များ ပြန်လည်သုံးသပ်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ SOP မူကြမ်းရေးဆွဲရေးနှင့် အလုပ်အဖွဲ့ ဖွဲ့စည်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (CSO Forum) ကျင်းပရေးနှင့် မူဝါဒစာတမ်းတင်ပြနိုင်ရေးကိစ္စ၊ အထွေထွေဆွေးနွေးခြင်းတို့လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent