မြန်မာ့အထည်အလိပ်ကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေကြောင်းနှင့် မြန်မာနိုင်ငံမှ အဝတ်အထည်များကို ဥရောပနှင့် အာရှနိုင်ငံများမှ သုံးစွဲမှုမြင့်တက်နေကြောင်း သိရ

မြန်မာ့အထည်အလိပ်ကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေကြောင်းနှင့် မြန်မာနိုင်ငံမှ အဝတ်အထည်များကို ဥရောပနှင့် အာရှနိုင်ငံများမှ သုံးစွဲမှုမြင့်တက်နေကြောင်း သိရ
Published 30 October 2017

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုအတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

 

လက်ရှိအချိန်တွင် မြန်မာ့အထည်အလိပ်ကဏ္ဍမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေကြောင်းနှင့် မြန်မာ နိုင်ငံမှ ထုတ်လုပ်သည့် အဝတ်အထည်များကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများမှ သုံးစွဲမှုမြင့်တက်လာကြောင်း အောက်တိုဘာ ၂၇ ရက်က ရန်ကုန်မြို့ ရွှေပြည်သာ စက် မှုဇုန်၌ ပြုလုပ်သည့်  Myanmar SUMEC Win Win Garments Co.Ltd အထည်ချုပ်စက်ရုံဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ သက်တမ်းနုနယ်သေးတယ်လို့ ပြောလို့ရပေမယ့် အထည်အလိပ်ကဏ္ဍဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီးတော့ ဥရောပနဲ့ အာရှမှ မြန်မာနိုင်ငံထုတ် အဝတ်အထည်များကို သုံးစွဲသူများမြင့်တက်ခြင်းကို တွေ့ရှိရလို့ အများကြီးဝမ်းသာပါ တယ်”  ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ခုနှစ်တွင် အထည်ချုပ်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ  ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးခန့်အထိ ရောက် ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီး အထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံ အထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏  စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း  ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ် တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေနဲ့ ဝင်ငွေအများဆုံး ကဏ္ဍတစ်ရပ်အဖြစ် ကမ္ဘာ့ဈေးကွက်ကို ကောင်းမွန်တဲ့ အရည်အသွေး တန်ဖိုးမြင့် ထုတ်ကုန်များအနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ၁၀ နှစ် နည်းဗျူဟာကို မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်း ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်”  ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံသားပိုင်စက်ရုံများနှင့် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်သည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဖက်စပ်လုပ်ကိုင်သည့် ပြည်ပနိုင်ငံများတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အများဆုံးလာရောက် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ စက်ရုံပေါင်း ၄၀၀ ကျော်အထိ တိုးတက်လာပြီး ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ လုပ်သားအင်အား သုံးသိန်းငါးသောင်း ခန့်ထားပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ လုပ်သားအင်အား၏  ရာခိုင်နှုန်း ၉၀ သည် အမျိုးသမီး လုပ်သားများ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း CMP အထည်ချုပ်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ သုံးဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Most Read

Most Recent