ပြီးခဲ့သည့်ရာသီကုန်က အာဆင်နယ်အသင်းနည်းပြရာထူးမှ အနားယူခဲ့သော အာစင်ဝင်းဂါးက လာမည့်နှစ်ဆန်းပိုင်းတွင် ဘောလုံးလောကထံ ပြန်လာတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ထို့ပြင် အသက်(၆၈)နှစ်အရွယ် အာစင်ဝင်းဂါးက သူ့အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ကမ်းလှမ်းမှုများစွာ ရရှိထားကြောင်း ဖွင့်ဟခဲ့သည်။
သူ့အနေဖြင့် မည်သည့်အသင်းသို့ရောက်ရှိမည်၊ မည်သည့်ရာထူးတာဝန်ကို ရယူမည်ဆိုသည်အား အာစင်ဝင်းဂါးက အတိအကျ မပြောကြားခဲ့သော်လည်း နိုင်ငံလက်ရွေးစင်အသင်းနည်းပြ၊ အားကစားဒါရိုက်တာ စသည့်ရာထူးများလည်း ဖြစ်နိုင်ခြေရှိကြောင်း သိရှိရသည်။
အာစင်ဝင်းဂါးသည် နည်းပြဘဝအစတွင် ပြင်သစ်ကလပ် နန်စီအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် မိုနာကိုအသင်းသို့ ပြောင်းရွှေ့နည်းပြခဲ့ကာ ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
ထို့နောက် J-League ကလပ် နာဂိုယာဂရမ်းပတ်စ်အသင်းကို တစ်နှစ်ကျော်ခန့် ကိုင်တွယ်ခဲ့ပြီး အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကာ (၂၂)နှစ်ကြာ နည်းပြခဲ့ပြီး ရှုံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံဆုအပါအဝင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။
ဂျာမန်သတင်းစာ Bild နှင့် တွေ့ဆုံရာ၌ ဝင်းဂါးက"လာမယ့် ဇန်နဝါရီ (၁)ရက်နေ့မှာ ကျွန်တော် ဘောလုံးလောကကို ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘယ်အသင်းကိုရောက်မလဲ ဆိုတာ ကျွန်တော် မသိသေးပါဘူး။ ကျွန်တော် ပြည့်ပြည့်ဝ၀ အနားယူပြီးပြီဖြစ်လို့ အလုပ်သစ် ပြန်စဖို့အတွက် အသင့်ဖြစ်နေပါပြီ။ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်နိုင်သလို ဂျပန်အသင်းလည်း ဖြစ်နိုင်ပါတယ်။ အာဆင်နယ်အသင်းမှာ (၂၂)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီး ရှိနေပါပြီ။ ကမ္ဘာတစ်ဝှမ်းက ကမ်းလှမ်းမှုများစွာကိုလည်း ရရှိထားပါတယ်" ဟု ပြောကြားခဲ့သည်။
Photo : Getty Images















