အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမမောင်းရန် ပညာပေးကာလ လုပ်ဆောင်နေပြီး စက်တင်ဘာမှစ၍ အမြန်လမ်းမကြီးဥပဒေဖြင့် အရေးယူမည်

အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမမောင်းရန် ပညာပေးကာလ လုပ်ဆောင်နေပြီး စက်တင်ဘာမှစ၍ အမြန်လမ်းမကြီးဥပဒေဖြင့် အရေးယူမည်
Published 1 August 2017


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားသည့် ယာဉ်များအနေဖြင့် သတ်မှတ်အရှိန်နှုန်းထက် ပိုမမောင်းရန် ပညာပေးကာလအဖြစ် သြဂုတ် ၁ ရက်မှ စတင်လုပ်ဆောင်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Telematic စနစ်တပ်ဆင်ထားသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် တစ်နာရီလျှင် ၉၀ ကီလိုမီတာထက် ပိုမမောင်းရန် သတ်မှတ်ထားသည်။ အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းခွင့်ပြုထားသည့် လိုက်ထရပ်၊ ဟိုက်ဂျက်ယာဉ်များအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၆၀ ထက်ပိုမမောင်းရန်နှင့် အိမ်စီးယာဉ်များအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ထက်ပိုမမောင်းရန် သတ်မှတ်ထားခြင်းဖြစ်သည်။

ထိုသို့သတ်မှတ်ထားသော်လည်း အများစုမှာ လိုက်နာကျင့်သုံးခြင်းမရှိသည့်အတွက် သြဂုတ် ၁ ရက်မှစပြီး ပညာပေးကာလအဖြစ် တစ်လသတ်မှတ်ကာ စစ်ဆေးမှု စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။

ပညာပေးကာလပြီးဆုံးပါက အမြန်လမ်းမကြီး ဥပဒေပုဒ်မ-၅၈၊ ပုဒ်မခွဲ (က)နှင့်(ဂ)ပါ ပြစ်ဒဏ်ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခရီးသည်တင်ယာဉ်တွေက ကီလိုမီတာ ၉၀၊ လိုက်ထရပ်ဟိုက်ဂျက်ယာဉ်တွေက ၆၀ သတ်မှတ်ထားတယ်။ အဲဒီထက်ပိုမောင်းရင် နောက်လကစပြီး အရေးယူမယ်။ ဒီလကစပြီး ပညာပေးကာလ တစ်လသတ်မှတ်ပြီး စစ်ဆေးအသိပေးမှုတွေ လုပ်နေပါပြီ။ စက်တင်ဘာ ၁ ရက်ကစပြီး အမြန်လမ်းမကြီး ဥပဒေ ၅၈ (က) နဲ့အရေးယူသွားပါမယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန် ၁ ရက်မှစတင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကားထိုင်ခုံခါးပတ် (Seatbelt) မပတ်ဘဲမောင်းနှင်မှုများကို ဖမ်းဆီးလျက်ရှိသည်။ ဇွန် ၁ ရက်မှဇူလိုင်လက ပထမပတ်အထိဖမ်းဆီးမှု ၂၄၄၅ မှုရှိပြီး ခါးပတ်မပတ်ခြင်းအား ဒဏ်ငွေကျပ်သုံးသောင်း ချမှတ်အရေးယူသဖြင့် ဒဏ်ငွေကျပ် ၇၃ သန်းကျော်ရရှိထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် ဇွန်လအတွင်း ယာဉ်မတော်တဆမှု ၄၆ မှုရှိပြီး လေးဦးသေဆုံးကာ ၅၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Writer - ဉာဏ်ဝင်းရှိန်

Most Read

Most Recent