အာဆီယံနှစ် (၅၀) ပြည့်အထိမ်းအမှတ် စာကြည့်တိုက်၊ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် ရွှေရတု အာဆီယံဖွင့်ပွဲအခမ်းအနား နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်

အာဆီယံနှစ် (၅၀) ပြည့်အထိမ်းအမှတ် စာကြည့်တိုက်၊ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် ရွှေရတု အာဆီယံဖွင့်ပွဲအခမ်းအနား နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်
Published 1 August 2017


အာဆီယံနှစ် (၅၀) ပြည့်အထိမ်းအမှတ် “စာကြည့်တိုက်၊ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် ရွှေရတု အာဆီယံဖွင့်ပွဲအခမ်းအနား” ကို သြဂုတ် ၁ ရက်က နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်စဉ်

အာဆီယံနှစ် (၅၀) ပြည့်အထိမ်းအမှတ် ”စာကြည့်တိုက်၊ ယဉ်ကျေးမှု၊ လူမှုဘ၀ နှင့် ရွှေရတု အာဆီယံဖွင့်ပွဲအခမ်းအနား” ကို သြဂုတ် ၁ ရက်က နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် စာတမ်းဖတ်ပွဲပြုလုပ်ခဲ့ပြီး အာဆီယံဓလေ့ထုံးတမ်းပုံပြင်များ၊ အာဆီယံမျှော်မှန်းချက်အမြင်၊ အာဆီယံဒေသ ကလေးစာကြည့်တိုက်များ၊ အာဆီယံဒေသ၏ ဂီတ၊ အာဆီယံဒေသရှိပြတိုက်များ စသည့်စာတမ်းများကို တက္ကသိုလ်များမှ ပါမောက္ခနှင့် စာကြည့်တိုက်မှူးများ၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံပြခန်းနှင့် မြန်မာစာရေးဆရာကြီးများ၏ လက်ရေးမူပြခန်းကို ဖွင့်လှစ်ခဲ့ပြီး ခေတ်အဆက်ဆက် ထင်ရှားသော မြန်မာစာရေးဆရာကြီးများ၏ လက်ရေးမူများကို လစဉ်ပြောင်းလဲပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကာတွန်းအဖော်စာဖတ်ပျော် ကလေးစာကြည့်တိုက် ကလေးလှုပ်ရှားမှု အစီအစဉ်ကိုလည်းပြုလုပ်ခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဖော်ဆောင်သော ကာတွန်းဆရာကြီးများ၏ ကာတွန်းပုံများကို ချိတ်ဆွဲပြသခြင်း၊ ကလေးများ ကာတွန်းမှတစ်ဆင့် စာဖတ်လာစေရန် ဟောပြောဆွေးနွေးပေးခြင်းတို့ကို သြဂုတ် ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ရွှေရတု အာဆီယံအထိမ်းအမှတ် ဆွေးနွေးပွဲကို ဆွေးနွေးကြမည့် စာတမ်းရှင်များ၏ တင်ပြချက်များသည် အာဆီယံလူမှုယဉ်ကျေးမှုဘဝအတွက် ထင်ဟပ်အထောက်အကူပြုလိမ့်မည်ဟု ထင်မြင်ယူဆမိပါတယ်။ ထို့အတူ ကာတွန်းအဖော်စာဖတ်ပျော် ကလေးအစီအစဉ်ကို ပါဝင်ကူညီကြသော ဝါရင့်ကာတွန်းဆရာကြီးများ၊ လူငယ်ကာတွန်းဆရာများ အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသူများ၏ ကြိုးပမ်းမှုဖြင့် အနာဂတ်ကလေးသူငယ်များ၏ အတွေးအခေါ်ရင့်သန်လာကာ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြု လှုပ်ရှားမှုတစ်ရပ်အဖြစ် ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်မိပါတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ပြည်ထောင်စုဝန်ကြီးအပြင် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ စာကြည့်တိုက်မှူးများ၊ ကာတွန်းဆရာကြီးများ၊ လူငယ်ကာတွန်းဆရာများ၊ Save the Library Network မှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Writer - နေရိုင်း၊ ကျော်မျိုး

Most Read

Most Recent