မန်ယူအသင်းအား ဆော်ဒီအိမ်ရှေ့မင်းသား ဝယ်ယူမည့်ကိစ္စအပေါ် မန်ယူပရိသတ်များ အမြင်ကွဲလွဲမှုများရှိနေ

မန်ယူအသင်းအား ဆော်ဒီအိမ်ရှေ့မင်းသား ဝယ်ယူမည့်ကိစ္စအပေါ် မန်ယူပရိသတ်များ အမြင်ကွဲလွဲမှုများရှိနေ
Published 17 October 2018

 

မန်ယူအသင်းအား ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်းမိသားစုက ဝယ်ယူရန် စိတ်ဝင်စားနေသည်ဆိုသည့် သတင်းများအပေါ်  မန်ယူပရိသတ်များအနေဖြင့် အမြင်ကွဲလွဲ မှုများရှိနေကြောင်း သိရှိရသည်။ အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းအပါအဝင် ဆော်ဒီတော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုမှာ ပေါင်(၈၅၀)ဘီလီယံအထိရှိနေပြီး ၎င်းတို့လက်ထဲသို့ ကလပ်အသင်း ရောက်ရှိလာခဲ့ပါက ငွေကြေးအင်အားအလွန်တောင့်တင်းသည့် အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို မကျေနပ်သည့်မန်ယူပရိသတ်အချို့က ယင်းအရောင်းအဝယ်ဖြစ်လာစေရန် ဆန္ဒရှိနေသော်လည်း အချို့သောမန်ယူပရိသတ်များကမူ ဆော်ဒီအာရေဗျနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာများကြောင့် ၎င်းတို့လက်ထဲသို့ မန်ယူအသင်းကို အရောက်မခံလိုကြောင်း သိရှိရသည်။

မကြာသေးမီက တူရကီနိုင်ငံတွင် ဆော်ဒီအာရေဗျဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂျာမဲလ်ခါရှိုဂီ ပျောက်ဆုံးမှု၏ နောက်ကွယ်၌ ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်း ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ကြပြီး၊ လက်ရှိအချိန်တွင် ဆော်ဒီအစိုးရတာဝန်ရှိသူများ၏ လူ့အခွင့်အရေးချိုးဖောက်သည့်လုပ်ရပ်များအပေါ်  နိုင်ငံတကာမီဒီယာများက ဝေဖန်မှုများရှိနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ(၂) ရက်နေ့ကတည်းက ပျောက်ဆုံးနေသူ ဂျာမဲလ်ခါရှိုဂီမှာလည်း သတ်ဖြတ်ခံရကာ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စစီဖြတ်တောက်ခံခဲ့ရသည်ဟု တူရကီသတင်းအချို့က ဖော်ပြလျက်ရှိနေ ကြသည်။ ဂျာမဲလ်ခါရှိုဂီသည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးသို့ အောက်တိုဘာလ(၂)ရက်နေ့တွင် နောက်ဆုံးဝင်ရောက်သွားသည်ကို တွေ့ခဲ့ရပြီး ယင်း နေရာ၌ ကွပ်မျက်ခံခဲ့ရသည်ဟု ထင်ကြေးသတင်းများထွက်ပေါ်နေခြင်းလည်းဖြစ်သည်။

မန်ယူအသင်းပိုင်ရှင်တစ်ဦးဖြစ်သူ အေဗရမ်ဂလေဇာသည် လာမည့်ရက်သတ္တပတ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့သို့ သွားရောက်ကာ ကလပ်အသင်း အရောင်းအဝယ် ကိစ္စအတွက် ဆွေးနွေးမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ မန်ယူအသင်းအရောင်းအဝယ်မှာ ပေါင်(၃)ဘီလီယံနှင့် (၄)ဘီလီယံကြား တန်ကြေးရှိလိမ့်ဟုလည်း ဗြိတိန်သတင်းစာအချို့က ဖော်ပြလျက်ရှိနေကြသည်။

မန်ယူအသင်းမှာ ဆော်ဒီအိမ်ရှေ့မင်းသားလက်ထဲ ရောက်သွားခဲ့ပါက ကြွေးမြီကင်းရှင်းသည့်အသင်း ဖြစ်လာမည်ဖြစ်ကြောင်း မန်ယူပရိသတ်အချို့က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြလျက်ရှိနေသလို၊ ပရိသတ်အချို့ကလည်း ဆော်ဒီအာရေဗျအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ပြပြောဆိုလျက်ရှိနေကြသည်။

Most Read

Most Recent