တာတိုအပြေးဘုရင်ဘဝမှ ဘောလုံးလောကသို့ဝင်ရောက်လာသူ ယူစိန်ဘော့နှင့် တွေ့ဆုံခြင်း

တာတိုအပြေးဘုရင်ဘဝမှ ဘောလုံးလောကသို့ဝင်ရောက်လာသူ ယူစိန်ဘော့နှင့် တွေ့ဆုံခြင်း
PHotos: Getty Images
PHotos: Getty Images
Published 17 October 2018

 

မေး ■ အရင်ဦးဆုံး ဒီကလပ်အသင်းမှာကစားရတာ ဘယ်လိုခံစားရသလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ■ သြစတြေးလျကိုလာရတာ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ပြီးတော့ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တဲ့ အသင်းပိုင်ရှင်နဲ့ ယုံကြည်မှုပေးခဲ့တဲ့ နည်းပြတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့က ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါပဲ။ ဒါက ကျွန်တော့်ဘဝအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒီအသင်းမှာ အသင်းနည်းပြနဲ့ ပထမဆုံး စကားပြောဖြစ်တော့ သူက အသင်းရဲ့ရည်မှန်းချက်နဲ့ သူ့ရဲ့အစီအစဉ်တွေ၊ ပြီး တော့ သူသွားချင်တဲ့လမ်းကြောင်းကို ပြောပြတယ်။ ဒီအလုပ်က ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်လည်း အသင်းကို အကူအညီ တစ်ခုခုပေးနိုင်မယ်လို့ ယုံကြည်မှုရှိခဲ့တယ်လို့ပဲ ပြောရမှာပါ။ ကျွန်တော် အမြဲတမ်းပြောနေကျ စကားတစ်ခုလိုပဲ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ခင်ဗျားရဲ့ ဘဝမှာ ကန့် သတ်ချက်တွေနဲ့ ယဉ်ပါးမနေဖို့ပဲ လိုတယ်။ ဒီအတွက်ကြောင့် ကျွန်တော်က စိန်ခေါ်မှုအသစ်တွေအကြောင်းကိုပဲ အမြဲတွေးထားတယ်။

မေး ■ အခုဆိုရင် ခင်ဗျားက စိန်ခေါ်မှုအသစ်တွေနဲ့ အသားကျနေပြီလို့ ပြောလို့ရပြီလား။

ဖြေ ■ အဲလိုပြောဖို့တော့ ခက်ပါသေးတယ်။ နည်းပြက ကျွန်တော့်ကို ဒီထက်ပိုကောင်းအောင် ကစားစေချင်တယ်။ အမှန်တော့ ကျွန်တော့်ခြေစွမ်းက ပထမအသင်းမှာပွဲထွက်ကစားဖို့ မလုံလောက်သေးဘူးလို့ထင်တယ်။ အသင်းမှာ ရှိတဲ့ကစားသမားတွေက ကျွန်တော့်ထက်အတွေ့အကြုံရင့်တယ်၊ ပိုပြီးရင့်ကျက်ကြတယ်။ နည်းပြကတော့ ဘောလုံးကိုပိုပြီး အာရုံစိုက်ဖို့နဲ့ အခွင့်အရေးရလာရင် အမိအရဆုပ်ကိုင်နိုင်ဖို့ သင်ပေးထားပါတယ်။ လက်ရှိမှာ ပြိုင်ပွဲအများကြီး မကစားရသေးတော့ ကိုယ့်ရဲ့ခြေစွမ်းကို ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ သေချာတာက ကျွန်တော် ပိုပြီးတိုးတက်လာဦးမယ်ဆိုတာပါပဲ။

မေး ■ တချို့ဘောလုံးသမားတွေဆိုရင် ခင်ဗျားရဲ့အသက်အရွယ်မှာ အနားယူသွားကြတာမျိုးတွေတောင် ရှိတယ်။ အသက်အရွယ်ကြောင့် အားလျော့သွားတာမျိုးရော မဖြစ်ခဲ့ဘူးလား။

ဖြေ ■ ကျွန်တော်က ရည်မှန်းချက်အများကြီး မထားသလို အကြောင်းအရာအများကြီးကိုလည်း ခေါင်းစားခံပြီး တွေးလေ့မရှိဘူး။ တစ်နေ့ထက်တစ်နေ့ ကိုယ်လုပ်နေတဲ့အလုပ်ကို ဘယ်လို ပိုကောင်းအောင်လုပ်မလဲ ဆိုတာပဲ တွေး ထားတယ်။ တတ်နိုင်သလောက် သင်ယူမယ်။ ဘောလုံးက ကျွန်တော့်ဘဝအတွက် ဘာမှရေးမထားရသေးတဲ့ စာရွက်လွတ်တစ်ခုလိုပဲ။ ကျွန်တော် ရေးခြစ်နိုင်သမျှ၊ ကျွန်တော်စွမ်းဆောင်နိုင်သမျှ အရာထင်ပါ လိမ့်မယ်။ ကျွန်တော် အဲဒီလိုပဲ မျှော်လင့်ထားတယ်။

မေး ■ အပြေးသမားဘဝကို ဘယ်လိုအကြောင်းမျိုးကြောင့် စွန့်လွှတ်ခဲ့တာလဲ။

ဖြေ ■ အပြေးသမားဘဝကို စပြီးရွေးချယ်ခဲ့စဉ် အချိန်နဲ့ ရွှေတံဆိပ်ဆုတွေ စရတဲ့အချိန်တွေတုန်းက အဲဒီအားကစားအပေါ် ကျွန်တော် ဘယ်လောက်အထိ ရူးသွပ်သလဲဆိုတာ မေးခွန်းထုတ်နေစရာတောင်မလိုဘူး။ ဒါပေမဲ့ အနားယူခါနီးမှာ ကျွန်တော် အဲဒီလို မခံစားရတော့ဘူး။ အိုလံပစ်ပြိုင်ပွဲကို (၄)ကြိမ်မြောက်သွားပြိုင်ဖို့ ကျွန်တော့်မှာ အရင်လို တက်ကြွမှုမျိုးမရှိတော့ဘူး။ မနက်မိုးလင်းလာရင် ထရိန်နင်ကို မသွားချင်တော့ဘူး။ ဒါနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမေးခွန်းထုတ်ကြည့်တယ်။ ငါဘာလို့ ဒါတွေကို ဆက်လုပ်နေတာလဲလို့ မေးကြည့်မိတယ်။ အဲဒီမှာ သိလိုက်တာက ကျွန်တော် အနားယူဖို့ လိုပြီဆိုတာပါပဲ။

မေး ■ ခင်ဗျားကိုယ်ခင်ဗျားရော ဘယ်လို လူတစ်ယောက်လို့ သတ်မှတ်ချင်လဲ။

ဖြေ ■ ကျွန်တော်က ဖိအားတွေအောက်မှာ အေးဆေးတည်ငြိမ်စွာ နေချင်တဲ့သူပါ။ ဒါကတစ်ခုပေါ့။ နောက်ပြီး ကျွန်တော်က တစ်ခုခုဆို အလျင်အမြန် နားလည်လွယ်တယ်။ အသားကျလွယ်တယ်။ ဘောလုံးမှာဆိုလည်း ပွဲရဲ့အထာကို ကောင်းကောင်းဖတ်နိုင်တယ်ပြောရမှာပေါ့။

မေး ■ ခင်ဗျားက ပြီးခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုတော့ အဲဒါက ခင်ဗျားအတွက် ဘယ်လောက်အထိ အကျိုးရှိစေမယ်ထင်လဲ။

ဖြေ ■ သွင်းဂိုးတွေက ကျွန်တာ်အမြဲတမ်း လိုချင်ခဲ့တဲ့အရာပါ။ အသင်းအတွက် ဂိုးသွင်းနိုင်ခြင်းက မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကို လျှောက်နေတယ်ဆိုတဲ့ ယုံကြည်မှုကို ပေးတယ်။ နောက်ပြီး အသင်းကပေးတဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ်ခံစားရစေတယ်။ ဒါတွေက ကျွန်တော့်အတွက် တစ်ကိုယ်ရေစိန်ခေါ်မှုတွေပဲ။ ဒါ တွေကို တတ်နိုင်သလောက် အကောင်းဆုံးကျော်ဖြတ်သွား ဖို့ မျှော်မှန်းထားပါတယ်။

မေး ■ ပရိသတ်တွေကို ဘာပြောချင်သေးလဲ။

ဖြေ ■ ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို ကမ္ဘာ့အမြန်ဆုံး အပြေးသမားတစ်ယောက်လို့ မမြင်စေချင်တော့ဘူး။ ကျွန်တော်က ဘောလုံးသမားတစ်ယောက်ဖြစ်နေပြီ။ အဲဒီ တော့ ဘောလုံးသမားယူစိန်ဘော့အနေနဲ့ပဲ မြင်စေချင်တယ်။ ကျွန်တော် ဘောလုံးလောကထဲကို ဝင်မယ်ဆိုတော့ လူတွေက ကျွန်တော့် အကြောင်းကို အများကြီးပြောခဲ့ကြတယ်။ သူတို့ရဲ့အမြင်တွေ မှားယွင်းကြောင်းကို သက်သေပြနိုင်ဖို့ ကျွန်တော် ကြိုးစား သွားမှာပါ။

 

 

Most Read

Most Recent