မူဆယ်ဘက်သို့ တင်ပို့မည့်ဆန်များ အစိုဓာတ်များခြင်းနှင့် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီး အနည်းငယ် ရှိခြင်းတို့ကြောင့် မူဆယ် ၁၀၅ မိုင်သို့ ဆန်တင်ပို့မှု တစ်ရက်လျှင် ကားနှစ်စီးခန့်သာရှိဟုဆို

မူဆယ်ဘက်သို့ တင်ပို့မည့်ဆန်များ အစိုဓာတ်များခြင်းနှင့် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီး အနည်းငယ် ရှိခြင်းတို့ကြောင့် မူဆယ် ၁၀၅ မိုင်သို့ ဆန်တင်ပို့မှု တစ်ရက်လျှင် ကားနှစ်စီးခန့်သာရှိဟုဆို
ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်အရောင်းဝယ် ပြုလုပ်နေသည့် ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်အရောင်းဝယ် ပြုလုပ်နေသည့် ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 14 October 2018

မူဆယ်ဘက်သို့ တင်ပို့မည့်ဆန်များ အစိုဓာတ်များခြင်းနှင့် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီး အနည်းငယ် ရှိနေခြင်းတို့ကြောင့်  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ဆန်တင်ပို့မှုသည် တစ်ရက်လျှင် ကားနှစ်စီးခန့်သာ ဆန်တင်ပို့မှုရှိနေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

“မူဆယ်ဘက်ကတော့ အခုတော့ ဆန်ကောင်းတာ လှတာလေးတွေလောက်ပဲ သွားတယ်။ ဒီတစ်ရက်နှစ်ရက်မှာ ဟိုဘက်က ပြန်ဖမ်းတယ်လို့ အသံကြားတယ်။ မူဆယ်ဘက်သွားတဲ့ ဆန်တွေက နည်းနည်းစိုနေသေးတော့ ဆန်ကောင်းအတိုင်း သွားလို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အစိုဓာတ်ရှိရင် ဟိုဘက်ရောက်ရင် ပျက်စီးတယ်။ တချို့လည်း စမ်းပြီးတင်ကြတယ်။ အများကြီးတော့ မသွားသေးဘူး။ နည်းနည်းပဲ သွားသေးတယ်။ စက်ပိုင်ကုန်သည် တစ်ယောက်နှစ်ယောက်ပဲ တစ်စီးနှစ်စီးပေါ့။ စမ်းပို့တာလောက်ပဲရှိတယ်” ဟု ဦးသန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေ ကြောင်းမှ သင်္ဘောဖြင့်လည်းကောင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့်  တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်း ဖြစ်သည်။

ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကြားကာလ ကုန်ဆုံးချိန်အထိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၁ သန်းကျော်သာ တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ပြည်ပဆန်တင်ပို့မှု ထုတ်ပြန်ချက်အရ သိရသည်။

ဘဏ္ဍာနှစ်ကြားကာလ ခြောက်လဖြစ်သည့် ၂၀၁၈ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် စုစုပေါင်း  ၁ ဒသမ ၁၂၇ သန်းကျော် တင်ပို့ထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၃၉၁ သန်းနီးပါးအထိ ရရှိထားကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တင်ပို့မှုသည် တန်ချိန် ၆၃၈၃၀၀ ကျော်တင်ပို့ထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၂၇ သန်းနီးပါးရရှိ ထားသည့်အတွက် စုစုပေါင်း တင်ပို့မှုပမာဏ၏ ၅၆ ဒသမ ၆၃ ရာခိုင်နှုန်းအထိရှိသည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က စျေးကွက်သစ်များ တိုးချဲ့တင်ပို့ နိုင်ခဲ့ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့သည်။