မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ချင်းပြည်နယ်အတွင်းရှိ လမ်းပိုင်းအချို့ တောင်နံရံမြေပြိုမှုကြောင့် လမ်းပိတ်ဆို့မှု ယာယီဖြစ်ပွား

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ချင်းပြည်နယ်အတွင်းရှိ လမ်းပိုင်းအချို့ တောင်နံရံမြေပြိုမှုကြောင့် လမ်းပိတ်ဆို့မှု ယာယီဖြစ်ပွား
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဖလမ်း-ကလေးလမ်းပိုင်း ပါရ်သဲကျေးရွာအနီးတွင် တောင်နံရံမှ မြေပြိုကျကာ လမ်းပိတ်ဆို့မှု ယာယီဖြစ်ပွားခဲ့စဉ်
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဖလမ်း-ကလေးလမ်းပိုင်း ပါရ်သဲကျေးရွာအနီးတွင် တောင်နံရံမှ မြေပြိုကျကာ လမ်းပိတ်ဆို့မှု ယာယီဖြစ်ပွားခဲ့စဉ်
Published 13 October 2018

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ချင်းပြည်နယ်အတွင်းရှိ ဖလမ်း-ကလေးလမ်းပိုင်း ပါရ်သဲကျေးရွာအနီးတွင် တောင်နံရံမှ မြေပြိုမှုကြောင့် လမ်းပိတ်ဆို့မှု ယာယီဖြစ်ပွားခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လမ်းသားပြိုကျသည့်နေရာမှာ ဖလမ်းမြို့နယ် ပါရ်သဲကျေးရွာအနီးတွင်ဖြစ်ပြီး တောင်ကမ်းပါးယံမှ ကျောက်တုံးနှင့် မြေများပြိုကျလာပြီး စက်ယန္တရားကြီးများဖြင့် ဖယ်ရှားပေးမှုကြောင့် လမ်းပြန်ပွင့်ခဲ့သည်ဟု သိရသည်။

“မနက် ၉ နာရီကနေ လမ်းတွေပိတ်နေတယ်။ JCB အကြီးကြီးတွေက လုပ်ပေးတော့ အဆင်ပြေတယ်။ အပေါ်ကနေ မိုးရွာနေသ၍တော့ ပြိုကျနေမှာပဲ။ ပြိုကျဖို့ ကျန်သေးပါတယ်” ဟု လမ်းပိတ်သည်ကို ကြုံတွေ့ခဲ့ရသည့် ကိုရစ်ချတ်က ဆိုသည်။ လမ်းပိတ်သည့်အချိန်သည် နာရီပိုင်းအတွင်းသာ ကြာမြင့်ခဲ့ပြီး စက်ကြီးများဖြင့် မြေစာရှင်းလင်း ပေးမှုကြောင့် လမ်းပြန်လည် ပွင့်ခဲ့သည်ဟု သိရှိရသည်။

ကလေး-ဖလမ်း-ဟားခါး ကားလမ်းသည် ၁၂၄ မိုင် ကွာဝေးပြီး မိုးများသည့် အချိန်များတွင် လမ်းဘေးရှိ တောင်များ ပြိုမှုကြောင့် လမ်းယာယီပိတ်မှုများ ရှိတတ်သည်ဟု သိရှိရပြီး ယခုနှစ်တွင် လမ်းပိတ်ဆို့မှု အကြိမ်ရေ နည်းပါးခဲ့သည်ဟု သိရသည်။

“နံနက်က ၉ နာရီနဲ့ ၁၀ နာရီကြားမှာ တောင်ပြိုတာဖြစ်တယ်လို့ သိရတယ်။ အဲဒီ နေရာမှာ ရှင်းလင်းပြီးပြီလို့ သိရတယ်။ မိုးက ဆက်တိုက်ရွာနေတော့ လမ်းမှာက မြေပြိုတာပါပဲ။ လမ်းမိုင်က နည်းနည်းရှည်တော့ စက်ကြီးတွေကတော့ အဲဒီလမ်းပေါ်မှာ အမြဲလိုလို ရှိပါတယ်။ ဒါပေမဲ့ ပြိုတဲ့နေရာနဲ့ သွားတာလာတာနဲ့ နည်းနည်း ကြာသွားတတ်ပါတယ်။ ခိုင်ကမ်းမြို့ကနေ ဖလမ်းမြို့ကြားထဲအထိ စက်ကြီးတွေ ထားပေးပါတယ်။ လမ်းပိတ်တယ်ဆိုပေမယ့် အချိန်ပိုင်းလောက်ပဲ ကြာပါတယ်” ဟု ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၃ ရက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခဲ့သည်ဟု သိရပြီး ယနေ့ညနေ အထိနေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။

“ချင်းတောင်ခြေဒေသတွေနဲ့ ချင်းတောင်မှာတော့ မိုးဆက်တိုက်ရွာနေတာ ငါးရက်လောက်ရှိနေပြီ။ မိုးက တအားမသည်းပေမယ့် တစိမ့်စိမ့်နဲ့ရွာနေတာ။ မနေ့ကတော့ ချင်းတောင်မှာ မိုးပိုသည်းတယ်လို့ တောင်ပေါ်က လူတွေက သတိပေးကြတယ်။ အခုထိလည်း မိုးမတိတ်သေးဘူး” ဟု ချင်းတောင် ခြေဒေသခံတစ်ဦးက ပြောကြားသည်။

အောင်သူထွန်း (ကလေးမြို့)

Most Read

Most Recent