သမ္မတအဖြစ် နယူးယောက်နေအိမ်သို့ ထရန့် ပထမဆုံးလာရောက်မှုအား ကန့်ကွက်ရှုတ်ချ

သမ္မတအဖြစ် နယူးယောက်နေအိမ်သို့ ထရန့် ပထမဆုံးလာရောက်မှုအား ကန့်ကွက်ရှုတ်ချ
Published 16 August 2017


သြဂုတ် ၁၄ ရက်က ထရန့်တာဝါအနီးတွင် အမေရိကန်သမ္မတ ထရန့်အား ဆန့်ကျင်ဆန္ဒုပြရန် စုဝေးနေသည့် ဆန့်ကျင်ဆန္ဒပြသူများ (Photo: AFP)

ဒေါသထွက်နေသည့် ဆန္ဒပြသူ ရာပေါင်းများစွာတို့သည် သြဂုတ် ၁၄ ရက်တွင် ထရန့်တာဝါအပြင်ဘက်၌ ဆန္ဒပြခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထရန့်သည် လွန်ခဲ့သည့် ခြောက်လကျော်ခန့်က သမ္မတရာထူးရယူပြီးနောက် ပထမဆုံးအနေဖြင့် သူ၏မန်ဟတ္တန်နေအိမ်သို့ မလာရောက်မီ ယခုကဲ့သို့ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ထရန့်သည် အိမ်ဖြူတော်တွင် ခေတ္တရပ်နားပြီးနောက် မန်ဟတ္တန်နေအိမ်တွင် ရက်ပေါင်းများစွာ နေထိုင်ပြီးနောက် နယူးဂျာစီပြည်နယ် ဘက်မင်စတာရှိ သူ၏ဂေါက်ကလပ်သို့ လာရောက်ကာ သူ၏သမ္မတအဖြစ် ပထမဆုံးနွေရာသီအားလပ်ရက်ကို ကုန်ဆုံးစေမည်ဖြစ်သည်။

သို့သော် ဒီမိုကရက်တစ်ပါတီကို မဲပေးသူများလွှမ်းမိုးပြီး ထရန့်ကို လူကြိုက်နည်းလှသည့် အမေရိကန်၏ စီးပွားရေးမြို့တော် နယူးယောက်တွင် ရာပေါင်းများစွာသော ဆန္ဒပြသူများသည် ထရန့်တာဝါရှိရာ ပဉ္စမမြောက်ရိပ်သာလမ်းဆီသို့ ဆင်းချလာသောကြောင့် ရဲတပ်ဖွဲ့က လူသွားလမ်းများကို ရှင်းလင်းခဲ့ရသည်။

“ဟေး ဟေး ဟိုး ဟိုး လူမျိုးရေးခွဲခြားတဲ့ ထရန့်ဂိုးတော့” ဟုလူအုပ်ကြီးက သီချင်းများဆိုကာ အချို့က FU TRUMP ဟုရွှေရောင်စာလုံးဖြင့် ရေးသားထားသော ဧရာမပူဖောင်းကြီးများကို ကိုင်လာကြသည်။

လူအုပ်ကြီးက “ထရန့်အလိုမရှိ၊ KKK (လူဖြူကြီးစိုးရေး၊ လူဖြူအမျိုးသားရေးဝါဒ၊ ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး) အလိုမရှိ၊ ဖက်ဆစ်အမေရိကန် အလိုမရှိ” ဟုလည်းကောင်း၊ “ချစ်ခြင်းနဲ့မဟုတ်ဘဲ အမုန်းတရားနဲ့၊ ဒါနဲ့များ အမေရိကကို ကြီးမြတ်အောင် လုပ်ဦးမယ်တဲ့” ဟုလည်းကောင်း အော်ဟစ်ခဲ့ကြသည်။

ဒါဇင်နှင့်ချီသော ရဲအရာရှိများသည် လမ်းဘလောက်များစွာတို့တွင်ရပ်လျက် လုံခြုံရေးယူထားခဲ့ကြသည်။ ဒေါသထွက်နေသော ဆန္ဒပြသူများက ယူနီဖောင်းဝတ်ထားသူတို့အား “မင်းတို့ဘယ်သူ့အတွက် တာဝန်ထမ်းဆောင်နေတာလဲ” ဟုအော်ဟစ်ခဲ့ရာ ပရာဒါစတိုးအပြင်ဘက်၌ ဆန္ဒပြနေသည့် အနည်းဆုံး အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သို့သော် ထရန့်သည် အမှောင်ကျရောက်ပြီး နောက်မှသာ ရဲအစောင့်အရှောက် တင်းကျပ်စွာဖြင့် အထိုက်အလျောက် လူရှင်းနေသော မဟတ္တန်လမ်းများကို ဖြတ်ကာကားဖြင့် နယူးယောက်သို့ ဝင်ရောက်လာသည်။

လူများစွာတို့သည် ထရန့်၏ ယာဉ်တန်းဖြတ်သန်းရာ လမ်းကြောင်းနှင့်မတူသည့် အခြားလမ်းတစ်ခု၌ စုဝေးနေကြသောကြောင့် ထရန့်၏ ယာဉ်တန်းဖြတ်သန်းသွားချိန်၌ ဆန္ဒပြသူများကို တွေ့မြင်ရခြင်းမရှိပေ။

“ခုနစ်လကြာပြီးမှ အိမ်ပြန်လာရတာပျော်တယ်။ ဒါပေမဲ့ အိမ်ဖြူတော်က ရှယ်ပါပဲ။ ဒီလိုကောင်းတဲ့နေရာမျိုး မရှိပါဘူး။ ပြီးတော့ တကယ်က အမေရိကဆိုတာ ကျွန်တော့်ရဲ့နေအိမ်ပါပဲ” ဟု ထရန့်က Twitter ၌ရေးသားခဲ့သည်။

“လူဖြူကြီးစိုးရေးဝါဒ၊ နာဇီဝါဒ၊ ဂျူးနဲ့ အာရပ်ဆန့်ကျင်ရေးဝါဒ ဒါတွေကို ကျွန်မတို့သမ္မတ အားကောင်းအောင် လုပ်ပေးနေတော့ ကျွန်မတို့တိုင်းပြည် ဘာဖြစ်လာမှာလဲဆိုတာနဲ့ ပတ်သက်ပြီး ထိတ်လန့်မိပါတယ်” ဟု ဘဏ်လုပ်ငန်းတစ်ခုမှထွက်ကာ ကိုယ်ပိုင်ကုမ္ပဏီ ထူထောင်ထားသော လင်းဂရေး (၆၈ နှစ်) ကဆိုသည်။

Ref: AFP

Most Read

Most Recent