
အိမ်နီးချင်းယူကရိန်းကို ရုရှားကျူးကျော်မှုအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အမေရိကန်ပြည်ထောင်စုက ယူကရိန်း၏နျူကလီးယားစွမ်းအင်သုံးဓာတ်အား ပေးစက်ရုံများကို ပိုင်ဆိုင်လည်ပတ်ရေးအတွက် သမ္မတဒေါ်နယ်ထရန့်က ယူကရိန်း သမ္မတဗိုလိုဒီမာဇယ်လန်းစကီးကို ပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းတို့၏ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကာအကွယ်ပေးရာတွင် အထောက်အကူ ပြုစေရေးအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဖွဲ့စည်းရေးကို စိတ်အားထက်သန် နေသောနိုင်ငံ ၃၀ ၏စစ်တပ်အကြီးအကဲများက မေလ ၂၀ ရက် ဗြိတိန်ဆွေးနွေးပွဲအတွက် ပြင်ဆင်နေချိန်တွင် သမ္မတဒေါ်နယ်ထရန့်၏အထက်ပါ ကမ်းလှမ်းချက်ထွက် ပေါ်လာခြင်းဖြစ်သည်။
ဥရောပသမဂ္ဂ(အီးယူ)ခေါင်းဆောင်များသည် သုံးနှစ်ကျော်ကြာမြင့်လာသော ရုရှား-ယူကရိန်းစစ်ပွဲကိစ္စကို မတ်လ ၂၀ ရက်တွင် ဘရပ်ဆဲလ်၌ ဆွေးနွေးမည်ဖြစ်သည့်အပြင် ရန်လိုသော ရုရှားနှင့်လုံးပန်းနေရသည့်အနေ အထားတွင် အီးယူ၏ကာကွယ်ရေး စွမ်းရည်များကိုလည်း ၎င်းတို့က ဆွေးနွေးမည်ဖြစ်သည်။
မတ်လ ၁၉ ရက်တွင် ထရန့်နှင့်ဖုန်းဆက်စကားပြောခဲ့ပြီးနောက် ယူကရိန်းသမ္မတဗို လိုဒီမာဇယ်လန်းစကီးက ယူကရိန်းသည် ရုရှား၏စွမ်းအင်ကွန်ရက်နှင့် စွမ်းအင်အခြေခံအဆောက်အအုံတို့ကို တိုက်ခိုက်မှုများအား ရပ်တန့်ရန်အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က ယူကရိန်းကိုအလားတူတိုက်ခိုက်မှုများအားရပ်ဆိုင်းရန် သဘောတူလိုက်ပြီးနောက် တစ်ရက်အကြာတွင် ဇယ်လန်းစကီးကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
ယူကရိန်း၏နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ထရန့်လွှဲယူမည့် ကိစ္စအား ဆွေးနွေးခဲ့သည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ရုရှားသိမ်းပိုက်ထားတဲ့နေရာက ဓာတ်အားပေးစက်ရုံအကြောင်းကိုပဲ ဆွေးနွေးခဲ့တာဖြစ်ပါတယ်”ဟု ဖင်လန်သို့ သွားသော နိုင်ငံတော်ခရီးစဉ်အတွင်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ဇာပိုရီရှားဓာတ် အားပေးစက်ရုံအကြောင်းကိုသာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။
ရုရှားထံ လိုက်လျောချက်များလုပ်ပေးရေးအတွက် ထရန့်ထံမှ ဖိအားပေးခြင်းကိုမခံစားရကြောင်း ဇယ်လန်းစကီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အနောက်အုပ်စုက ယူကရိန်းအတွက်စစ်ရေးအကူအညီအားလုံး ပထမဆုံးရပ်ဆိုင်းပေးရေးကိစ္စကို မတ်လ ၁၈ ရက်တွင် ထရန့်နှင့်ဖုန်းစကားပြောရာ၌ သမ္မတပူတင်က တောင်းဆိုခဲ့သောကြောင့် ပိုမိုကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေးသည် ခက်ခဲနေဆဲဖြစ်သည်။
ယူကေဝန်ကြီးချုပ် ကီယာစတာမားနှင့် ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်တို့က ယူကရိန်းသို့ ဗြိတိသျှစစ်သားများနှင့် ပြင်သစ်စစ်သားများကို စေလွှတ်ပေးလိုသည်ဟု ပြောကြားထားကြသည်။ အခြားနိုင်ငံများကလည်း စစ်သားများစေလွှတ်ပေးရန် ပြင်ဆင်နေသည်ဟု ယူကေကပြောသည်။
Ref: AFP