ရုရှားနှင့် မြောက်ကိုရီးယားတို့က နှစ်နိုင်ငံကြားဆက်သွယ်မည့် တံတားတစ်စင်းတည်ဆောက်သွားမည်ဟု ရုရှားသံအမတ် ပြောကြား

ရုရှားနှင့် မြောက်ကိုရီးယားတို့က နှစ်နိုင်ငံကြားဆက်သွယ်မည့် တံတားတစ်စင်းတည်ဆောက်သွားမည်ဟု ရုရှားသံအမတ် ပြောကြား
မတ် ၂၁ ရက်က ပြုံယမ်းမြို့တော်သို့ရောက်ရှိလာသည့် ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ ရွှိုက်ဂူ (ဝဲ-ဒု) နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန် (ယာ-ဒု) တို့ကို တွေ့ရစဉ်(Photo: AFP)
မတ် ၂၁ ရက်က ပြုံယမ်းမြို့တော်သို့ရောက်ရှိလာသည့် ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ ရွှိုက်ဂူ (ဝဲ-ဒု) နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန် (ယာ-ဒု) တို့ကို တွေ့ရစဉ်(Photo: AFP)
Published 27 March 2025

ရုရှားနှင့် မြောက်ကိုရီးယားတို့က နှစ်နိုင်ငံကြား ဆက်သွယ်မည့် တံတားတစ်စင်းကို မကြာမီ တည်ဆောက်သွားမည်ဟု မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်က ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် RIA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နှစ်နိုင်ငံကြားရှိ တူမန်မြစ်ပေါ်မှ ဆက်သွယ်ထားမည့် အဆိုပါတံတားတည်ဆောက်ရေးအစီအစဉ်ကို ၂၀၂၄ ခုနှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။

ကိုရီးယားစစ်ပွဲဖြစ်ပွားပြီးနောက် ၁၉၅၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ချစ်ကြည်ရေးတံတားအမည်ရှိ ရထားလမ်းတံတားတစ်ခုအနီးတွင် ယခုကားလမ်းတံတားကို တည်ဆောက်သွားမည်ဖြစ်သည်။

၂၀ ရာစုအစောပိုင်းက နယ်စပ်ဖြတ်ကျော်သွားလာမှုအတွက် အသုံးပြုခဲ့သည့် ရှေးဟောင်း သစ်သားတံတားသည် ပျက်စီးသွားပြီဖြစ်ကြောင်း RIA ကဖော်ပြခဲ့သည်။

“တံတားတည်ဆောက်မယ့် ဆောက်လုပ်ရေးကတော့ မစတင်ရသေးပါဘူး”ဟု မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အလက်ဇန်းဒါး မက်ဆီဂိုရာက RIA ကို ပြောကြားခဲ့သည်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်နေပြီး ဒီဇိုင်းအချက်အလက်တွေကို အပြီးသတ်ရေးဆွဲနေပါတယ်။ ဆောက်လုပ်ရေးလုပ်သားအင်အားကိ ဖွဲ့စည်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုလမ်းတံတားတည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာကြာဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ရုရှား၏ အဝေးပြေးလမ်းမစနစ်နှင့် ချိတ်ဆက်မည့် အဆိုပါတံတားညသ် မီတာ ၈၅၀ (၂၇၈၉ ပေ)ရှိကြောင်း သိရသည်။

တောင်ကိုရီးယား၏ ဂြိုဟ်တုဓာတ်ပုံလေ့လာရေးကုမ္ပဏီ SI Analytics ကမူ မတ် ၅ ရက်ကရရှိသည့် သတင်းဓာတ်ပုံများအရ တံတား၏အောက်ခံဖောင်ဒေးရှင်းများနှင့် လမ်းများဆက်သွယ်မှုလုပ်ငန်းစဉ်များကို စ တင်လုပ်ဆောင်နေဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

“ရုရှားနဲ့ မြောက်ကိုရီးယားအကြားတစ်ခုတည်းသော ဖြတ်သန်းသွာလာမှုလမ်းကြောင်း တစ်ခုဖြစ်တဲ့တည်ရှိဆဲ မီးရထားလမ်းရဲ့အနီးမှာ လမ်းတံတားဆောက်လုပ်ရေးကို လျင်မြန်စွာလုပ်ဆောင်နေပါတယ်။စီးပွား ရေး၊လူမှုရေးနဲ့ စစ်ရေးဖလှယ်မှုတွေ ပါဝင်နေပါတယ်”ဟု SI Analytics က ထုတ်ပြန်ခဲ့သည်။

“ဒါဟာ မြောက်ကိုရီးယားနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆိုမှုတွေရဲ့ ထိရောက်မှုတွေဟာ တစ်ဆင့်ချင်းစီဆုတ်ယုတ်လျော့ပါလာနိုင်တဲ့ အလားအလာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ရုရှားနှင့်မြောက်ကိုရီးယားအကြားဆက်ဆံရေးများ ပိုမိုမြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ရုရှားလုံခြုံရေး ကောင်စီအကြီးအကဲ ဆယ်ဂေးရွှိုက်ဂူ၏ မြောက်ကိုရီး ယားခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲတွင် ရုရှားကို မမှိတ်မသုန်ထောက်ခံကြောင်း မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်။

ကင်နှင့် ရွှိုက်ဂူတို့သည် ယူကရိန်း-ရုရှား စစ်ပွဲ၊ အမေရိကန်နှင့် ရုရှားအစိုးရ၏ ဆွေးနွေးမှုများ၊ ကိုရီးယားကျွန်းဆွယ်လုံခြုံရေး အခြေအနေတို့အပါအဝင် များပြားလှသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု နှစ်နိုင်ငံမီဒီယာများကဖော်ပြခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်က ပြုံယမ်းတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း နှစ်နိုင်ငံအကြား အပြန်အလှန်ကာကွယ်ရေးစာချုပ် ချုပ်ဆိုမှုကို ခြွင်းချက်မရှိ ဆက်လက်ထိန်းသိမ်းသွားမည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆန္ဒကိုလည်း ကင်နှင့် ရွှိုက်ဂူတို့က ထပ်လောင်းအတည်ပြုခဲ့သည်။

Ref: Reuters/AFP

Most Read

Most Recent