
ဆူဒန်နိုင်ငံတွင် ပြင်းထန်တိုက်ပွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် မတ် ၂၁ ရက်တွင် ခါတွန်မြို့တော်ရှိ သမ္မတနန်းတော်ကို အရန်တပ်ဖွဲ့ Rapid Support Forces ထံမှ ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့တပ်ဖွဲ့က ရန်သူ့တိုက်ခိုက်ရေးအဖွဲ့တွေကို အပြီးသတ်ချေမှုန်း ဖျက်ဆီးခဲ့ပြီး ပစ္စည်းတွေနဲ့ လက်နက်အမြောက် အမြားကို သိမ်းယူခဲ့ပါတယ်”ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ နာဘီလ်အဗ္ဗဒူလာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်အနေဖြင့် အနိုင်ရရှိသည့်အချိန်အထိ ရှေ့တန်းစစ်မျက်နှာအားလုံးတွင် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကာ နိုင်ငံရှိနေရာတိုင်းတွင် ပြည်သူ့စစ်များနှင့် ၎င်းတို့ကို ထောက်ခံသူများအား ချေမှုန်းနှိမ် နင်းသွားမည်ဖြစ်ကြောင်း အဗ္ဗဒူလာက ကတိပြုခဲ့သည်။
လူမှုမီဒီယာတွင် စစ်သားများက သမ္မတ နန်းတော်အတွင်း၌ ရိုက်ကူးထားဖွယ်ရှိသော ဗီဒီယိုများကို မျှဝေနေကြပြီး ဂုဏ်ပြုရေးသားထားသည်ကို တွေ့ရသည်။အေအက်ဖ်ပီ သတင်းဌာနကမူ ယင်းဗီဒီယိုဖိုင်များကို ချက်ချင်းအတည်ပြု နိုင်ခြင်းမရှိပေ။
အရန်တပ်ဖွဲ့ Rapid Support Forces နှင့် စစ်တပ်ကြား စစ်ပွဲဖြစ်ပွားခဲ့သည့်၂၀၂၃ ခုနှစ် ဧပြီလတွင် အရန်တပ်ဖွဲ့မှ တိုက်ခိုက်ရေးသမားများက သမ္မတနန်းတော်ကို သိမ်းပိုက်ခဲ့သည်။
ထိုအချိန်က RSF သည် ခါတွန်မြို့တော်၏ လမ်းများကို အလျင်အမြန်ထိန်းချုပ်ခဲ့ပြီး စစ်တပ်မဟာမိတ်အစိုးရအဖွဲ့က ပင်လယ်နီ ကမ်းရိုးတန်းရှိ ဆူဒန်ဆိပ်ကမ်းမြို့ကို ထွက်ပြေးလာခဲ့ရသည်။
စစ်တပ်က မြို့ကိုဖြတ်၍ တိုက်ခိုက်လာပြီးနောက် သမ္မတနန်းတော် တည်ရှိသည့် ခါတွန်အလယ်ပိုင်းတွင် လတ်တလောလပိုင်း များအတွင်း ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းတွင် စစ်တပ်က မြောက်ပိုင်းမှ တောင်ပိုင်းသို့ ချီတက်လာပြီး RSF များကို တိုက်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်တပ်က သမ္မတနန်းတော်ကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ သဘောကတော့ ခါတွန်မြို့အလယ်ပိုင်းကို ထိန်းချုပ်နိုင်လိုက်ပြီ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေ ကတော့ သူတို့ရဲ့ လက်ရွေးစင်တပ်ဖွဲ့တွေကို ဆုံးရှုံးလိုက်ရပါတယ်”ဟု အမည်မဖော်လိုသည့် စစ်ဘက်ရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
အရန်တပ်ဖွဲ့များသည် ဆူဒန်အစိုးရ၏ တည်ရှိရာနေရာဟောင်း တစ်ခုဖြစ်သည့်အပြင် ဆူဒန်၏ အချုပ်အချာအာဏာ သင်္ကေတ ဖြစ်သည့် သမ္မတနန်းတော်တွင် ၎င်း၏လက်ရွေးစင်တပ်ဖွဲ့များကို နေရာချထားပြီးလက် နက်ခဲယမ်းများကို သိုလှောင်ထားသည်ဟု စစ်တပ်သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာတော့ စစ်တပ်က တိုက်ခိုက်ရေးသမားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်စီးပြီး တိုက်ခိုက်ရေးသမား ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကာ ခါတွန်မြို့ရဲ့အရေးအပါဆုံး ထောက်ပံ့ရေးစင်တာတွေထဲက တစ်ခုကို ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်ပါတယ်”ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လတ်တလောလများအတွင်း စစ်တပ်သည် စစ်ပွဲတွင် အသာစီးရနေဟန်ရှိပြီး အစပိုင်းတွင် ဆူဒန်အလယ်ပိုင်းရှိ နယ်မြေကိုပြန် လည်ရယူရန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ခါတွန်မြို့တော်ဘက်ကို ပြောင်းလဲအာရုံစိုက်ခဲ့သည်။
ဇန်နဝါရီလတွင် စစ်တပ်က အထွေထွေကွပ်ကဲရေးဌာနချုပ်အား RSF ၏ နှစ်နှစ်နီးပါးကြာ ဝန်းရံပိတ်ဆို့ထားမှုကို အဆုံးသတ်ခဲ့ သည်။ နှစ်နှစ်နီးပါးကြာ ဖြစ်ပွားသည့်စစ်ပွဲအတွင်း လူပေါင်းသောင်းချီ သေဆုံးခဲ့သည်။
Ref:AFP