၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်က MINUSMA မှ သံချပ်ကာယာဉ်တစ်စင်းနှင့် တပ်ဖွဲ့ဝင်တစ်ဦးကို တင်ဘက်တူဒေသ၌ တွေ့ရစဉ် (Photo: AFP)
မာလီရှိ ကုလသမဂ္ဂစခန်းနှစ်ခုအား သြဂုတ် ၁၄ ရက်တွင် သေနတ်သမားများက တိုက်ခိုက်ခဲ့ကြရာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တစ်ဦး၊ ကန်ထရိုက်တာတစ်ဦးနှင့် မာလီခုနစ်ဦးတို့ သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး နိုင်ငံတွင်းရှိ ကုလသမဂ္ဂတပ်များအား နောက်ဆုံးတိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ နိုင်ငံအလယ်ပိုင်း မော့တီဒေသ၊ ဒူအန့်ဇာမြို့တွင် သြဂုတ် ၁၄ ရက်အစောပိုင်း၌ တိုက်ခိုက်ခံခဲ့ရမှုအတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တစ်ဦး၊ မာလီစစ်သားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း မာလီရှိ ကုလသမဂ္ဂမစ်ရှင် (MINUSMA) ကကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် နိုင်ငံအနောက်မြောက်ပိုင်း တင်ဘက်တူရှိ နောက်ထပ် ကုလသမဂ္ဂစခန်းတစ်ခု၏ ဝင်ပေါက်ကို သေနတ်များနှင့် လက်ပစ်ဗုံးများ ကိုင်ဆောင်လာသော အမျိုးသားခြောက်ဦးက တိုက်ခိုက်ခဲ့ကြကြောင်း ကုလသမဂ္ဂက သီးခြားကြေညာချက် ထုတ်ပြန်ခဲ့သည်။ သေနတ်သမားများသည် မာလီနိုင်ငံသား ကုလသမဂ္ဂ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ကြရာ လုံခြုံရေးငါးဦးအပြင် ရဲတစ်ဦးနှင့် မည်သည့်နိုင်ငံသားဟု မဖော်ပြသော ကန်ထရိုက်တာတစ်ဦးတို့ သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ သတင်းရင်းမြစ်တစ်ဦးကမူ လုံခြုံရေးခြောက်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။
ဒူအန့်ဇာတွင် တိုက်ခိုက်မှု၌ ဂျီဟတ်ဟုယူဆရသူ နှစ်ဦးနှင့် တင်ဘက်တူတွင်မူ ဂျီဟတ်ဟုယူဆရသူ ခြောက်ဦးတို့ သေဆုံးခဲ့ရကြောင်း သိရသည်။ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးခဲ့ပြီး ယင်းတိုက်ခိုက်မှုများအား ရှုတ်ချခဲ့သည်။ ယခုတိုက်ခိုက်ခံခဲ့ရမှုများကြောင့် ကမ္ဘာတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင် သေဆုံးရမှု အများဆုံးဆိုသော မလိုလားသည့်ဂုဏ်ပုဒ်ရရှိထားသော မာလီမစ်ရှင်တွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ သေဆုံးရမှုအား လျှော့ချနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရမှုကို ပေါ်လွင်စေခဲ့သည်။
တင်ဘတ်တူရှိ လုံခြုံရေးများသည် တိုက်ခိုက်မှုအတွင်း နေရာတွင်ပင်သေဆုံးခဲ့ရပြီး ယင်းဒေသ၌ တပ်စွဲထားသော မာလီတပ်များနှင့် ပြင်သစ်ရဟတ်ယာဉ်များက တိုက်ခိုက်သူများအား တိုက်ခိုက်ခဲ့ကြကြောင်း မာလီလုံခြုံရေး သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်နောက်ပိုင်း မာလီတွင် တပ်စွဲခဲ့သော MINUSMA သည် မာလီမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် လှုပ်ရှားနေသော ဂျီဟတ်များ၏ အဆက်မပြတ်ပစ်မှတ်ထား တိုက်ခိုက်မှုများ ကြုံခဲ့ရသည်။ ထို့ပြင် ယင်းမစ်ရှင်သည် ရဟတ်ယာဉ်များမရှိမှုနှင့် အလွဲသုံးစားပြုမှုများရှိသည်ဟု ဒေသခံများ၏ စွပ်စွဲမှုများကြုံရမှုတို့အပါအဝင် စစ်ဆင်ရေးဆိုင်ရာ အခက်အခဲများလည်း ကြုံခဲ့ရသည်။ သူပုန်ဟောင်းများနှင့် ၎င်းတို့၏ပြိုင်ဘက်ဖြစ်သော အစိုးရလိုလားသည့် ပြည်သူ့စစ်တို့သည် မကြာသေးမီက တိုက်ခိုက်မှုများအတွင်း ကလေးစစ်သားများကို အသုံးပြုခဲ့သည်ဟု ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များက ပြီးခဲ့သောသီတင်းပတ်တွင် စွပ်စွဲခဲ့သည်။
မာလီအိမ်နီးချင်းဖြစ်သော ဘာကီနာဖာဆိုတွင် နိုင်ငံခြားသားများအကြား ထင်ရှားသည့် စားသောက်ဆိုင်တစ်ဆိုင်သည် သြဂုတ် ၁၃ ရက်တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရမှုကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ရပြီးနောက် မာလီတွင် ယင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂျီဟတ်များအား နှိမ်နင်းရန် ဆာဟာရအနောက်-အလယ်ပိုင်းမှ ဘာကီနာဖာဆို၊ ချဒ်၊ မာလီ၊ မော်ရစ်တေးနီးယားနှင့် နိုင်ဂျာတို့ပူးပေါင်း၍ GS ဖွဲ့စည်းရန် ပြင်သစ်က တွန်းအားပေးခဲ့သည်။ သို့သော် ယင်းစစ်ဆင်ရေးအတွက် လိုအပ်သည့် အသုံးစရိတ် ခန့်မှန်းခြေယူရိုသန်း ၄၀၀ နှင့်ပတ်သက်၍ ယင်းအစီအစဉ်သည် နှောင့်နှေးမှုရှိနေသည်။
Ref: AFP