ဆေးရုံတက်ရောက်နေသည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပြီး သွေးစစ်ချက်အဖြေအရ ကျောက်ကပ်ထိခိုက်နေသည့် လက္ခဏာအနည်းငယ်ပါပြနေသည်ဟု ဗာတီကန်နန်းတော်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
သက်တော် ၈၈ နှစ်ရှိပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီးကို ဆေးရုံတင်ထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်သည်။
ဗာတီကန်နန်းတော်ထုတ်ပြန်ချက်အရ ၎င်းတွင် အသက်ရှူလမ်းကြောင်းပြဿနာ နောက်ထပ်မပြတော့ပေ။ သွေးစစ်ချက်အရ ကျောက်ကပ်ထိခိုက်မှု အစောပိုင်းအဆင့်တွေ့ရှိထားပြီး အခြေအနေကိုထိန်းထားနိုင်ပြီဟုဆိုသည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖရန်စစ်သည် အသက်ရှူရခက်ခဲမှုကြောင့် အောက်ဆီဂျင်ပေးခဲ့ရသည်။ယခုထိလည်း အောက်ဆီဂျင်ပေးထားရဆဲဖြစ်သည်။ သွေးတိတ်စေသည့် ဆဲလ်အရေအတွက်နည်းနေသဖြင့် သွေးသွင်းကုသမှုလည်း ခံယူခဲ့ရသည်။အဆုတ်နှစ်ဖက်စလုံး ရောင်နေသည့်အတွက် ဆေးရုံဆက်တင်ထားရဦးမည်။ ရင်ကျပ်မှု ဆိုးလာသည့်အတွက် ၎င်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းက ရောမမြို့ရှိ Agostino Gemelli Polyclinic ဆေးရုံတွင် တင်ထားသည်။
ပုပ်ရဟန်းမင်းကြီးသည် ငယ်စဉ်က နမိုးနီးယားအပြင်းအထန်ဖြစ်ခဲ့ပြီးနောက် အဆုတ်တစ်ဖက်၏ တစ်စိတ်တစ်ပိုင်းကို ဖယ်လိုက်ရသည်။ ၂၀၂၁ ခုနှစ်တွင် အူနံရံအိတ်တည်မှုကြောင့် အူမတစ်စိတ်တစ်ပိုင်းလည်း ဖယ်ထားရသည်။၂၀၂၃ ခုနှစ်တွင် ရင်ကျပ်ရောဂါကြောင့် ဆေးရုံတင်လိုက်ရသေးသည်။ ပုပ်ရဟန်းမင်းကြီးတာဝန်ကိုယူလာသည့် ၁၂ နှစ်နီးပါးအတွင်း ယခုကဲ့သို့ ရက်ကြာကြာဆေးရုံတင်ထားရမှုသည် ဒုတိယအကြိမ်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးအတွက် နမိုးနီးယား၏နောက်ဆက်တွဲ သွေးတွင်းပိုးဝင်ခြင်း (ခေါ် ) သွေးဆိပ်သင့်မှုက အကြီးဆုံးအန္တရာယ်ဖြစ်လာနိုင်သည့်အတွက်လည်း ဆရာဝန်များက သတိပေးစိုးရိမ်နေကြသည်။
ဆရာဝန်များက အပြည့်အဝအနားယူရန် ညွှန်ကြားထားသည့်တိုင် ပုပ်ရဟန်းမင်းကြီးသည် ဆေးရုံတက်ပြီးပထမဆုံးနှစ်ရက်တွင် ဂါဇာဒေသရှိဘုန်းတော်ကြီး ဖာသာ ဂေဘရီယယ် ရိုမာနယ်လီနှင့် ဖုန်းအဆက်အသွယ်မပြတ် ပြုလုပ်ခဲ့သည်။ ဂါဇာစစ်ပွဲဖြစ်လာပြီးကတည်းက ၎င်းတို့မကြာခဏ ဆက်သွယ်ခဲ့ကြသည်။