
တန်ဇန်နီးယားနိုင်ငံတွင် ၄၂ ရက်အတွင်း မားဘာ့ဂျ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အသစ်မတွေ့ရှိသောကြောင့် ယင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အဆုံးသတ်ကြောင်း မတ် ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှု ပြီးဆုံးသွားပြီဆိုပေမယ့်လည်း ကူးစက်မှုဖြစ်စဉ် တစ်စုံတစ်ရာ ထောက်လှမ်းတွေ့ ရှိခဲ့မယ်ဆိုရင် အမြန်ဆုံးတုံ့ပြန်ဖို့ ပြင်ဆင်ထားတဲ့အပြင် ကူးစက်ခံခဲ့ရတဲ့ မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေ ထောက်ပံ့ပေးသွားဖို့ လုပ်ဆောင်နေပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ တန်ဇန်နီးယားကိုယ်စားလှယ် ချားလ်စ်ဆာဂိုး-မော့စ်က ပြောကြားခဲ့သည်။
နောက်ဆုံးအတည်ပြုလူနာသည် ဇန်နဝါရီ ၂၈ရက်တွင် သေဆုံးခဲ့ပြီးနောက်ပိုင်း မဖြစ်မနေစောင့်ကြည့်ကာလ ၄၂ ရက်အတွင်း ရောဂါကူးစက်မှုဖြစ်စဉ် မတွေ့ရှိသောကြောင့် ရောဂါကူးစက်မှု ကင်းစင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ကာဂီရာဒေသ၌ ပထမဆုံးကူးစက်မှု ဖြစ်စဉ်ကို တွေ့ရှိခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီ ၂၀ ရက်တွင် နောက်ဆုံးအကြိမ် ရောဂါကူးစက်မှုကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ မားဘာ့ဂျ်ဗိုင်းရပ်စ် အတည်ပြုလူနာနှစ်ဦး နှင့် သံသယဖြစ်ဖွယ် ကူးစက်မှုဖြစ်စဉ် ရှစ်ခုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရောဂါကူးစက်ခံထားရကြောင်း အတည်မပြုမီ သေဆုံးသွားသူ ရှစ်ဦးအပါအဝင် ရောဂါကူးစက်ခံရသူ ၁၀ ဦးလုံး သေဆုံးခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ကူးစက်ခံရသူများနှင့် ထိတွေ့သူ ၂၈၁ ဦးလုံးကို ၂၁ရက်ကြာ စောင့်ကြည့်မှုများနှင့် နောက်ဆက်တွဲ စောင့်ကြည့်မှုများကို ဆောင်ရွက်ခဲ့သည်။
တန်ဇန်နီးယားကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတော်အဆင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်ကို ချမှတ်လုပ်ဆောင်ခဲ့ပြီး ကူူးစက်ဖြစ်ပွားနေသော ဒေသဆီသို့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။
မားဘာ့ဂျ်ဗိုင်းရပ်စ်သည် အလွန်ကြောက်စရာကောင်းပြီး ပြင်းထန်သော ရောဂါဝေဒနာကို ဖြစ်စေကာ သွေးယိုခြင်းများလည်း ဖြစ်ပေါ်တတ်သည်။ ၎င်းဗိုင်းရပ်စ်သည် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်း အများအပြားကို ပစ်မှတ်ထားတတ်ပြီး ခန္ဓာကိုယ်၏ အလိုအလျောက် လှုပ်ရှားနိုင်စွမ်းကို လျော့ကျစေသည်ဟု သိရသည်။
၎င်းဗိုင်းရပ်စ်သည် ယခင်က အာဖရိကဒေသတွင် အကြီးအကျယ် ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်ခဲ့သည့် အီဘိုလာဗိုင်းရပ်စ် ပါဝင်သော filovirus ၏ မျိုးရင်းဝင်ဖြစ်သည်။
Marburg ဗိုင်းရပ်စ်၏ သဘာဝလက်ခံကောင်သည် အာဖရိက လင်းနို့တစ်မျိုးဖြစ်ပြီး ယင်းသည် ဗိုင်းရပ်စ်ကို သယ်ဆောင်ဖြန့်ဖြူးနိုင်သော်လည်း အဆိုပါဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားလေ့မရှိပေ။
သို့ရာတွင် ၎င်းလင်းနို့များသည် လူသားများ အပါအဝင် အနီးဝန်းကျင်ရှိ နို့တိုက်သတ္တဝါများဆီသို့ ဗိုင်းရပ်စ်ကို သယ်ဆောင်ဖြန့်ဖြူးနိုင်စွမ်းရှိကာ လူအချင်းချင်း ကူးစက်မှုများ ဖြစ်စေနိုင်သည်။
အတည်ပြုလူနာများတွင် အဆိုပါဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် ၂၄ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအထိ ရှိတတ်ပြီး ဗိုင်းရပ်စ်မျိုးကွဲနှင့် ရောဂါထိန်းချုပ်နိုင်စွမ်းအပေါ် မူတည်နေသည်ဟု WHO က ဆိုသည်။
လက်ရှိအချိန်အထိ ယင်းဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးများ သို့မဟုတ် ကုသဆေးများ မရှိသေးပေ။
အန်ဂိုလာ၊ ဒီအာကွန်ဂို၊ ဂါနာ၊ကင်ညာ၊ အီကွေတိုရီရယ်ဂီနီ၊ ရာဝမ်ဒါ၊ တောင်အာဖရိကနှင့် ယူဂန်ဒါနိုင်ငံအပါအဝင် အာဖရိကနိုင်ငံများတွင် ယခင်ကမားဘာ့ဂျ်ဗိုင်းရပ်စ် ကူးစက်မှုများ ရှိခဲ့သည်ဟု WHO က ဆိုသည်။
Ref:WHO