
အီသီယိုပီးယားနိုင်ငံ ကမ်ဘယ်လာဒေသတွင် လွန်ခဲ့သည့်လက ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၁၅၀၀ ကျော်ရှိပြီး လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က မတ် ၁၄ ရက်တွင် သတိပေးပြောကြားခဲ့ကာ ယင်းကာလဝမ်းရောဂါသည် အလွန်ကူးစက်မြန်သည်ဟု သတိပေးခဲ့သည်။
အိမ်နီးချင်း တောင်ဆူဒန်နိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် အီသီယိုပီးယားနိုင်ငံသို့ ရောက်ရှိလာသူများနှင့် အတူ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း MSF ကဆိုသည်။
“အီသီယိုပီးယားနိုင်ငံ အနောက်ပိုင်းမှာ ကာလဝမ်းရောဂါ လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေပြီး တောင်ဆူဒန်နိုင် ငံမှာလည်း ကူးစက်မှုတွေ ဖြစ်ပွားနေပါတယ်”ဟု MSF က ဆိုသည်။
လူဦးရေသန်း ၁၂၀ ဝန်းကျင်ရှိသော အာဖရိက၏ ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်သည့် အီသီယိုပီးယား၏ ဒေသအများအပြားတွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားနေပြီး ဒေသ၏ဒုတိယအကြီး ဆုံးအမ်ဟာရာတွင် ကူးစက်မှုအဆိုးဆုံး ဖြစ် သည်။
ကာလဝမ်းရောဂါသည် ကာလဝမ်း ဘက်တီးရီးယားပိုး vibrio cholerae ဟုခေါ်သည့် ဘက်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်ပြီး မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်သည်။ပိုးကူးစက်ခံရသူတိုင်းတွင် ကာလဝမ်းရောဂါ လက္ခဏာများ မပြသော်လည်း ထိုသူသည် ရောဂါပိုး သယ်ဆောင်ပျံ့နှံ့စေသူ ဖြစ်နိုင်သည်။
ယင်းရောဂါသည် အူလမ်းကြောင်းအတွင်းသို့ အဆိပ်တစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါ အဆိပ်သည် အူနံရံရှိဆဲလ်များ၏ လုပ်ဆောင်မှုကို ပျက်စီးစေကာ ရေဓာတ်မစုပ်ယူနိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းမှ ရေကို အူလမ်းကြောင်းအတွင်းသို့ ပြန်လည်စိမ့်ထွက်ခြင်းတို့ကြောင့် ပြင်းထန်သည့် ဝမ်းလျှောခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း တို့ ဖြစ်စေနိုင်သည်။
ရောဂါပိုးဝင်ပြီး နှစ်နာရီမှ ငါးရက်အတွင်း အလွန်အမင်း ဝမ်းလျှောခြင်းနှင့်ပျို့အန် ခြင်းတို့ကို ခံစားရနိုင်သည်။ ကာလဝမ်းရောဂါ ပိုးကူးစက်ခံရသည့် လူနာ ၁၀ ရာခိုင်နှုန်းတွင် ပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်ပြီးအ ချိန်မီ ကုသမှုမခံယူလျှင် အသက်အန္တရာယ်ရှိသည်။ကာလဝမ်းရောဂါကို သေချာကုသမှု မခံယူလျှင် သွေးတွင်း သကြားဓာတ် ကျဆင်းခြင်း၊ သွေးတွင်း ပိုတက်စီယမ်ဓာတ် နည်းပါးခြင်းတို့ ဖြစ်နိုင်သည်။
အထက်နိုင်းဒေသတွင် တည်ရှိသော တောင်ဆူဒန်၏ အကိုဘိုကောင်တီတွင် လွန်ခဲ့သည့် သီတင်းပတ် လေးပတ်က ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၁၃၀၀ ရှိသည်ဟု MSF က ဆိုသည်။
တောင်ဆူဒန်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့ကြား အထက်နိုင်းဒေသတွင် ဖြစ်ပွားသည့် လတ်တလော အကြမ်းဖက်မှုများသည် ကာလဝမ်းရောဂါဖြစ်ပွားမှုကို ပိုမိုဆိုးရွားလာစေသည်ဟု ဆိုသည်။
“လူပေါင်းထောင်ချီဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဘေးကင်းတဲ့ သောက်သုံးရေတွေနဲ့ မိလာစနစ်တွေ မရရှိကြတာ ဖြစ်ပါတယ်”ဟု MSF က ဆိုသည်။
ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံဖြစ်သည့်အပြင် ကာလကြာရှည် မတည်ငြိမ်မှုများနှင့် ဆင်းရဲမွဲတေမှုကို ကြုံတွေ့နေရသော တောင်ဆူဒန်နိုင်ငံတွင် အောက်တိုဘာလက ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ကြိုတင်ကာကွယ်နိုင်ပြီး အလွယ်တကူ ကုသနိုင်သည့် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၄၀၀၀ ရှိပြီး အများစုမှာ အာဖရိကမှဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့သည်။
Ref:AFP