
အမေရိကန်ပြည်ထောင်စုက လူဆိုးဂိုဏ်းဝင်များ၏စွပ်စွဲကာ အယ်ဆာဗေဒိုထောင်သို့ပို့ခဲ့သော ဗင်နီဇွဲလားရွှေ့ပြောင်းများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် မိမိက ကုလသမဂ္ဂကို မေတ္တာရပ်ခံ မည်ဟု မတ် ၁၇ ရက်တွင် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက ပြောကြားခဲ့သည်။
“ဒီနေ့မှာ ကျွန်တော်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေးအတွက် မဟာမင်းကြီးတို့နဲ့ အဆက်အသွယ်တွေ ဆက်တိုက်လုပ်နေပါတယ်။ ဗင်နီဇွဲလားအမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ လူ့အခွင့်အရေးယန္တရားတွေကို အသက်သွင်းဖို့ အခြားအဖွဲ့အစည်းတွေကိုလည်း ဆက် သွယ်နေပါတယ်”ဟု မာဒူရိုက အစိုးရရုပ်သံတွင် ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရန့်က ၎င်းတို့ကို နှင်ထုတ်ရန် စစ်အတွင်း ဥပဒေကို ကိုးကားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားလူဆိုးဂိုဏ်းဝင် များဟုဆိုသည့် လူ ၂၀၀ ကျော်ကို အယ်ဆာ ဗေဒိုတွင်အကျဉ်းချထားရန် လွန်ခဲ့သောရက်ပိုင်းက အယ်ဆာဗေဒိုသို့ ပို့ဆောင်ခဲ့သည်။
၎င်းတို့ကို နှင်ထုတ်မှုအား ယာယီအားဖြင့် ရပ်ဆိုင်းထားရန် ဖက်ဒရယ်တရားသူကြီးက ဆုံးဖြတ်လိုက်သော်လည်း ယင်းသို့ဆုံးဖြတ်ချိန်တွင် လေယာဉ်များက အယ်ဆာဗေဒိုသို့ သွားနေပြီဖြစ်သောကြောင့် ထရန့်အစိုးရက တရားရုံးဆုံးဖြတ်ချက်ကို တမင်အာခံသည်ဟူသော အငြင်းပွားစရာများပေါ်လာသည်။
■Ref: AFP