မလေးရှားမင်းသမီးနှင့် ဒတ်ချ်အမျိုးသားတို့၏ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပ

မလေးရှားမင်းသမီးနှင့် ဒတ်ချ်အမျိုးသားတို့၏ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပ
Published 15 August 2017

သြဂုတ် ၁၄ ရက်က ဂျိုဟာဘာရူးပြည်နယ်တွင် မင်္ဂလာအခမ်းအနားအပြီး သတို့သမီး တန်ကူတန်အမီနာစူလ်တန်အီဘရာဟင်(ဝဲ)အား လက်စွပ်စွပ်ပေးနေသည့် ဒင်းနစ်အဗ္ဗဒူလာ (Photo: AFP)

သြဇာအကြီးဆုံး မလေးရှား စူလ်တန်ဘုရင်များထဲမှ တစ်ဦး၏သမီးသည် ၎င်းနှင့်စေ့စပ်ထားသော ဒတ်ချ်အမျိုးသားနှင့် သြဂုတ် ၁၄ ရက်တွင် လက်ထပ်လိုက်ပြီဖြစ်သည်။ ဂျိုဟာစူလ်တန်ဘုရင်၏ တစ်ဦးတည်းသောသမီး အသက် ၃၁ နှစ်အရွယ်မင်းသမီး တန်ကူတန်အမီနာစူလ်တန်အီဘရာဟင်သည် အသက် ၂၈ နှစ်အရွယ် ဒန်းနစ်မူဟာမတ်နှင့် သုံးနှစ်ကြာ ချစ်ဇာတ်လမ်းအပြီးတွင် လက်ထပ်လိုက်ကြခြင်းဖြစ်သည်။

အစ္စလာမ်ဘာသာသို့ ကူးပြောင်းလိုက်သည့် ထိုဒတ်ချ်အမျိုးသားနှင့် မင်းသမီးတို့၏မင်္ဂလာပွဲကို နိုင်ငံတောင်ပိုင်း ဂျိုဟာဘာရူမြို့ရှိ ဂျိုဟာမိသားစုနေထိုင်ရာ Serene Hill နန်းတော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုမင်္ဂလာပွဲသို့ ရင်းနှီးသော မိသားစုများနှင့် မိတ်ဆွေများ တက်ရောက်ခဲ့ကြသည်။ မွတ်စလင်များ အဓိကနေထိုင်သော ဂျိုဟာပြည်နယ်၏ ရာစုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ထုံးထမ်းဓလေ့များနှင့်အညီ ကျင်းပခြင်းဖြစ်သည့် ထိုမင်္ဂလာပွဲတွင် ဒတ်ချ်အမျိုးသားက မင်းသမီးကိုရင်းဂစ် ၂၂ ဒသမ ၅၀ (ငါးဒေါ်လာ) ခန့်ပေးခဲ့သည်။ ညနေပိုင်းတွင်ကျင်းပမည့် မင်္ဂလာဧည့်ခံပွဲမှာ အဓိကအခမ်းအနားဖြစ်ပြီး ဧည့်သည်ပေါင်း ၁၂၀၀ တက်ရောက်မည်ဖြစ်သည်။ မင်္ဂလာအခမ်းအနား ကျင်းပပုံကို မြို့ရင်ပြင်၌ ပိတ်သားပြင်ကြီးနှင့် ပြသမည်ဖြစ်သည်။

ထိုဒတ်ချ်အမျိုးသားသည် ဂျိုဟာရှိ အိမ်ခြံမြေလုပ်ငန်းတွင် လုပ်ကိုင်နေပြီး ၂၀၁၅ ခုနှစ်က အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သည်။ ဂျိုဟာ၏ တော်ဝင်မိသားစုသည် ချမ်းသာကြွယ်ဝကာ သြဇာကြီးပြီး ကိုယ်ပိုင်စစ်တပ်ပင်ရှိထားသည်။

Ref: AFP

Most Read

Most Recent