အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချ ၁ ဒသမ ၈ သန်းအား နိုင်ငံသားပေးမည့်အစီအစဉ်ကို ထရန့် အဆိုပြု

အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချ ၁ ဒသမ ၈ သန်းအား နိုင်ငံသားပေးမည့်အစီအစဉ်ကို ထရန့် အဆိုပြု
Published 27 January 2018

ဇန်နဝါရီ ၂၁ ရက်က အမေရိကန်ကွန်ဂရက်အပြင်ဘက်၌ DACA အစီအစဉ်အား ထောက်ခံကြောင်း စုဝေးမှုပြုလုပ်နေကြစဉ်

Dreamers ဟု လူသိများသော အထောက်အထားမဲ့ လူငယ်ရွှေ့ပြောင်း အခြေချ ၁ ဒသမ ၈ သန်းအားလာမည့် ၁၀ နှစ်မှ ၁၂ နှစ်အတွင်း နိုင်ငံသားပေးမည့် ရွှေ့ပြောင်းအခြေချဆိုင်ရာ အစီအစဉ်သစ် တစ်ခုကို အမေရိကန် သမ္မတဒေါ်နယ်ထရန့် အစိုးရက ဇန်နဝါရီ ၂၅ ရက်တွင် အဆိုပြုခဲ့ပြီး ပိုမိုပြည့်စုံသော ပြုပြင်ပြောင်းလဲရေးအစီအစဉ်အား လာမည့် သီတင်းပတ်တွင် တရားဝင်တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူကြိုက်များသော Green Card ကံစမ်းအစီအစဉ်အား ဖျက်သိမ်းရန်၊မိသားစု ချိတ်ဆက် ရွှေ့ပြောင်းအခြေချမှုအားအလွန်အမင်း ကန့်သတ်ရန်လည်း ထရန့်က ကွန်ဂရက်ကို တောင်းဆိုခဲ့ရာ အမေရိကန်သို့ နှစ်စဉ် ပြည်ပဖွားတစ်သန်းကျော် ဝင်ရောက်မှု၏ ထက်ဝက်ကျော်အား လျှော့ချပစ်နိုင် ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ တရားမဝင် ရွှေ့ပြောင်း အခြေချများ အား ရပ်တန့်ပစ်ရန်အတွက် အဓိကမဲဆွယ် ကတိတစ်ခုဖြစ်သည့် အမေရိကန်-မက္ကဆီကို နယ်စပ်၌ တံတိုင်းတည် ဆောက်ရန်အတွက် ဒေါ်လာ ၂၅ ဘီလျံရန်ပုံငွေပေးရန်လည်း ထရန့်က ကွန်ဂရက်ကို တောင်းဆိုခဲ့သည်။

Dreamers အတွက် နိုင်ငံသားဖြစ်ခွင့်ပေးရန် အိမ်ဖြူတော်၏ယင်းအဆိုပြုမှုသည် ယခင်အကြံပြုချက်ထက် ပိုမိုကျယ်ပြန့်ခဲ့သည်။ ယခင်အစီအစဉ်အရ Deferred Action for Chilhood Arrivals သို့မဟုတ်  DACA အစီအစဉ်ဖြင့် မှတ်ပုံတင်ထားသည့် လူငယ်ရွှေ့ပြောင်းအခြေချ ၆၉၀၀၀၀ ကိုသာ နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်အားဖြင့် ကွန်ဂရက်အနေဖြင့် တရားဝင်ရွှေ့ပြောင်းအခြေချ ဝင်ရောက်မှုအား ပိုမိုတင်းကျပ်ရန်၊ အမိမြေ လုံခြုံရေးဌာန၏ လုပ်ပိုင်ခွင့်များအားတိုးမြှင့်ရန်၊ Dreamers အပါအဝင် ခန့်မှန်းခြေ အလုံးစုံ ၁၁ သန်းခန့်ရှိသည့်တရားမဝင် ရွှေ့ပြောင်း အခြေချများအား ဖြိုခွင်းရန်အတွက် ရန်ပုံငွေ တိုးမြှင့်ပေးရန် အစိုးရ၏အဆိုပြုချက်တွင် တောင်းဆိုခဲ့သည်။

ရွှေ့ပြောင်းအခြေချသစ်များ၏နိုင်ငံများ မျိုးကွဲစုံလင်စေရန် ၁၉၉၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သော Green Card ကံစမ်းအစီအစဉ်အား အဆုံးသတ်ရန် တောင်းဆိုမှုသည် ဒီမိုကရက်အချို့၏ထောက်ခံမှု ရရှိနိုင်သည်။ ထရန့်က ယင်းအစီအစဉ်သည် IS ဂျီဟတ်အဖွဲ့အား ထောက်ခံသူများကို နိုင်ငံထဲသို့ ဝင်ခွင့်ရစေနိုင်ကြောင်း စောဒကတက်ခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံသား ခံယူထားပြီးသူများက ၎င်း၏မိသားစုဝင်များအား ခေါ်ယူမှုကို ခွင့်ပြုထားသည့် ကွင်း ဆက်ခေါ်ယူမှုကို အဆုံးသတ်ရန်လည်း ထရန့်က တောင်းဆိုခဲ့သည်။ မိသားစုလိုက် ရွှေ့ပြောင်း အခြေချမှုကိုလည်း ခင်ပွန်း၊ ဇနီး၊ အသက်မပြည့်သေးသည့် ကလေးများအတွက်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်အဆိုပြုမှုတွင် ဖော်ပြခဲ့သည်။

ဒီမို ကရက်များက ဒေါသထွက်ခဲ့ကြပြီး လာမည့်သီတင်းပတ်များတွင် ဆွေးနွေးမှုများ၌ အိမ်ဖြူတော်၏ယင်းအစီအစဉ်အားအား လျော့သွားစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

Most Read

Most Recent