မြောက်ကိုရီးယားနှင့် ပတ်သက်၍ ဆွေးနွေးရမည့်အချိန် ပြီးဆုံးသွားပြီဟု အမေရိကန်က ပြောကြား

မြောက်ကိုရီးယားနှင့် ပတ်သက်၍ ဆွေးနွေးရမည့်အချိန် ပြီးဆုံးသွားပြီဟု အမေရိကန်က ပြောကြား
Published 31 July 2017

ဇူလိုင် ၃၀ ရက်က ဂူအမ်ရှိ လေတပ်စခန်းမှ ဂျပန်ဝေဟင်သို့ ၁၀ နာရီကြာ ပျံသန်းသည့် မစ်ရှင်တွင် အမေရိကန်တိုက်လေယာဉ်တစ်စင်းပေါ်မှ ပျံသန်းသွားသော ကိုရီးယား F-15 တိုက်လေယာဉ်များကို တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယားနှင့် ပတ်သက်၍ ဆွေးနွေးရမည့်အချိန် ပြီးဆုံးသွားပြီဟု အမေရိကန်က ပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်း နောက်ဆုံးပြုလုပ်မှုသည် ဗုံးကြဲလေယာဉ်များနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် စမ်းသပ်မှုများကို လိုလားခြင်းဖြစ်သည်ဟူသည့် ကုလသမဂ္ဂ၏ တုံ့ပြန်မှုကိုလည်း ပစ်ပစ်ခါခါ ငြင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးက အကျိုးမရှိသော လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပရန် မည်သည့်အကြောင်းမျှမရှိဟု ပြောကြားကာ လုံခြုံရေးကောင်စီ၏ အားနည်းသည့် နောက်ထပ်ဆုံးဖြတ်ချက်သည် မြောက်ကိုရီးယားက ထပ်ကာထပ်ကာ ချိုးဖောက်နေမှုများနှင့် ပတ်သက်၍ ဘာမျှမလုပ်သည်ထက် ပို၍ပင်ဆိုးရွားစေနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

ဇူလိုင် ၂၈ ရက်တွင် တိုက်ချင်းပစ်ဒုံး ကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အမေရိကန်ရှိ မည်သည့်ပစ်မှတ်ကိုမဆို ၎င်းနိုင်ငံအနေဖြင့် ပစ်ခတ်နိုင်စွမ်းရှိပြီဟု ကြွားဝါခဲ့သည်။ လက်နက်ကျွမ်းကျင်သူများက မြောက်ကိုရီးယားဒုံးကျည်သည် နယူးယောက်မြို့အထိပင် ရောက်နိုင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အတွက် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များသည် မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုကို တိုက်ရိုက်တုံ့ပြန်သောအားဖြင့် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဇူလိုင် ၂၉ ရက်တွင် ပျံဝဲခဲ့ကြပြီး ဇူလိုင် ၃၀ ရက်တွင် အမေရိကန်တို့က ကိုရီးယားကျွန်းဆွယ်၌ တပ်ဆင်ရန် မျှော်လင့်ထားသည့် ဒုံးကျည်ကြားဖြတ်စနစ်တစ်ရပ်ကို အောင်မြင်စွာ စမ်းသပ်ပြခဲ့သည်။ အမေရိကန် အထက်လွှတ်တော်က ဇူလိုင် ၂၈ ရက်တွင် မြောက်ကိုရီးယားအပေါ် နှစ်ဦးနှစ်ဖက် ပိတ်ဆို့မှုအသစ်များကို အတည်ပြုခဲ့သည်။

ဟာလေးက မြောက်ကိုရီးယားအစိုးရအပေါ် တင်းတင်းကျပ်ကျပ် ဆက်ဆံကြရန် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အား တောင်းဆိုလိုက်သည်။

“မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ ဖိအားသိသိသာသာ တိုးတက်စေမှာမဟုတ်တဲ့ လုံခြုံရေးကောင်စီရဲ့ နောက်ထပ်ဆုံးဖြတ်ချက်ဟာလည်း ဘာတန်ဖိုးမှ မရှိပါဘူး” ဟု ဟာလေးက ဇူလိုင် ၃၀ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သူ့အပေါ် ပြင်းပြင်းထန်ထန် စိန်ခေါ်ရမှာမျိုးကို မလိုလားဘူးဆိုတာ ဒါက မြောက်ကိုရီးယားအာဏာရှင်ကို မက်ဆေ့ချ်ပေးလိုက်တာပါပဲ” ဟု ဟာလေးက ပြောကြားခဲ့သည်။

“တရုတ်အနေနဲ့ ဒီအရေးကြီးတဲ့ ခြေလှမ်းကိုလှမ်းဖို့ နောက်ဆုံးမှာ ဆန္ဒရှိ၊ မရှိ ဆုံးဖြတ်ရမှာပါ။ ဆွေးနွေးဖို့အချိန်က ကုန်လွန်သွားပါပြီ” ဟုလည်း ဟာလေးက ဆိုသည်။

ယင်းမှတ်ချက်များက အမေရိကန်သည် သံတမန်နည်းလမ်းဖြင့် ချဉ်းကပ်မှုနှင့် ပတ်သက်၍ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဖြစ်ပြီး စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းကို စဉ်းစားနိုင်ကြောင်း ပြသနေသည်ဟု သုံးသပ်သူများက ဆိုသည်။

“နောက်ဆုံး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်နေပုံ ရပါတယ်” ဟု တောင်ကိုရီးယားနိုင်ငံ ဒေါင်ယန်းတက္ကသိုလ် စစ်ဘက်ဆိုင်ရာလေ့လာရေးဌာန ညွှန်ကြားရေးမှူး ဂျောင်ယန်တေးက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent