မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးအား ဒုတိယအကြိမ်မြောက် စမ်းသပ်

မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးအား ဒုတိယအကြိမ်မြောက် စမ်းသပ်
Published 29 July 2017


မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မှု သတင်းအား ဇူလိုင် ၂၉ ရက်က တိုကျိုတွင် ကြီးမားသော တီဗီများဖြင့် ထုတ်လွှင့်ပြသနေစဉ် (Photo: AFP)

မြောက်ကိုရီးယားက ဇူလိုင် ၂၈ ရက်တွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးအား ဒုတိယအကြိမ်မြောက် ပစ်လွှတ်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ခေါင်းဆောင် ကင်ဂျုံအွန်က ယင်းစမ်းသပ်မှုသည် အမေရိကန်နိုင်ငံထဲရှိ မည်သည့်ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသခဲ့သည်ဟု ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ယင်းပဲ့ထိန်းဒုံး စမ်းသပ်မှုအား တရုတ်က ရှုတ်ချခဲ့သည်။ သို့သော် အထီးကျန်မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းအတွက် ပေကျင်းနှင့် မော်စကိုတို့တွင် တာဝန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ပြောကြားခဲ့သည်။ ကင်ဂျုံအွန် လက်ထက်တွင် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု များစွာအား အာခံလျက် ၎င်းတို့၏နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို အရှိန်မြှင့်ခဲ့သည်။

ယင်းစမ်းသပ်မှုသည် အမေရိကန် ပြည်မကြီး၏ နေရာအားလုံးကို ပစ်ခတ်နိုင်သည့် အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း ခေါင်းဆောင်ကင်က ဂုဏ်ယူစွာ အတည်ပြုခဲ့သည်ဟု အစိုးရပိုင် သတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။ ယင်းပဲ့ထိန်းဒုံး ပစ်လွှတ်မှုသည် မဆင်မခြင်နှင့် အန္တရာယ်များသော လုပ်ရပ်ဖြစ်ကြောင်း ထရန့်က ရှုတ်ချခဲ့ပြီး ယင်းစမ်းသပ်မှုများသည် လုံခြုံရေးအတွက် အာမခံချက် ပေးရာတွင် အထောက်အကူ ဖြစ်စေကြောင်း ပြုံယမ်း၏ ပြောကြားမှုများကို ၎င်းက ပယ်ချခဲ့သည်။ ကမ္ဘာအား ခြိမ်းခြောက်ခြင်းဖြင့် ယင်းလက်နက်များနှင့် စမ်းသပ်မှုများသည် မြောက်ကိုရီးယားအား ပို၍ အထီးကျန်စေပြီး စီးပွားရေးကို အားနည်းစေကာ ပြည်သူများအား ပိုမိုဒုက္ခရောက်စေကြောင်း ထရန့်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မှုအပြီး အမေရိကန်နှင့် တောင်ကိုရီးယား စစ်ဘက်ထိပ်တန်း တာဝန်ရှိသူများသည် စစ်ရေးဖြင့် အရေးယူရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားနှင့် ဂျပန်တို့က အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးများ ပြုလုပ်ခဲ့ကြသည်။ မြောက်ကိုရီးယား၏ ယင်းနောက်ဆုံးစမ်းသပ်မှုအား တုံ့ပြန်မှုအဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြေပြင်မှ မြေပြင်ပစ် ဒုံးများဖြင့် ကျည်အစစ်သုံးသော စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြသည်။

မြောက်ကိုရီးယား၏ ယင်းဒုံးသည် ကီလိုမီတာ ၁၀၀၀၀ (မိုင် ၆၂၀၀) ခန့်ဝန်းကျင်အထိ ရောက်ရှိခဲ့ဖွယ်ရှိပြီး အမေရိကန် ပြည်မကြီးအထိ ရောက်နိုင်မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ယင်းဒုံးစမ်းသပ်မှုသည် အတိမ်းအစောင်း မခံသော လုံခြုံရေး ပဋိပက္ခအတွက် နည်းလမ်းရှာဖွေရန် ဝါရှင်တန်အတွက် အချိန်နှောင်းနေပြီဟု အတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယားနျူကလီးယားလက်နက် စီမံကိန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ဂျွန်ဟော့ကင်း တက္ကသိုလ်ရှိ အမေရိကန်-ကိုရီးယားဌာန၏ ထိပ်တန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျိုးဝစ်က 38 North ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ဇူလိုင် ၄ ရက်ကလည်း ပထမဆုံးအကြိမ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကို စမ်းသပ်ခဲ့ပြီး ယင်းဒုံးသည် သဘောတရားအရ အလက်စကာအထိ ရောက်နိုင်သည့် အနေအထားရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံး စမ်းသပ်မှုအပြီး တောင်ကိုရီးယားက အမေရိကန် ဒုံးခွင်းစနစ် ချထားမှုကို အရှိန်မြှင့်မည်


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ အမေရိကန်တပ်ဖွဲ့က အရှေ့ပင်လယ်ထဲသို့ ဒုံးပစ်လွှတ်နေမှုကို တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယားက ဒုတိယအကြိမ်မြောက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံး စမ်းသပ်မှုကြောင့် တောင်ကိုရီးယားသည် အမေရိကန်၏ အဆင့်မြင့် ဒုံးခွင်းစနစ် THADD အား ချထားမှုကို တရုတ်၏ ပြင်းထန်သော ဆန့်ကျင်မှု ရှိသော်လည်း အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောင်ယန်းမိုက ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ THADD ဒုံးခွင်းစနစ်၏ အစိတ်အပိုင်းများအား ဖြုတ်ချခံ တောင်ကိုရီးယား သမ္မတ ပက်ကွမ်ဟီး အစိုးရ လက်ထက်တွင် နိုင်ငံထဲသို့ သယ်ဆောင်လာခဲ့ပြီးဖြစ်သည်။ သို့သော် သမ္မတသစ် မွန်းဂျေအင်းက ယင်းဒုံးခွင်းစနစ် ချထားမှုအား ပြီးခဲ့သောလတွင် ဆိုင်းငံ့ခဲ့သည်။ ပြုံယမ်း၏ နောက်ဆုံးဒုံး စမ်းသပ်မှုအား တုံ့ပြန်သည့်အနေဖြင့် THADD ဒုံးခွင်းစနစ်၏ ကျန်ရှိသော အစိတ်အပိုင်းများအား တပ်ဆင်မှု ရပ်ဆိုင်းထားခြင်းအား ပြန်လည်စတင်ရန်အတွက် မကြာမီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆောင်ယန်းမိုက ပြောကြားခဲ့သည်။ THADD အမြောက်တပ်ဖွဲ့ တစ်ခုတွင် ဒုံးအား ကြားဖြတ်ပစ်ချသည့် လောင်ချာခြောက်ခု ပါဝင်သည်။ လောင်ချာနှစ်ခုကို ဆိုးလ်တောင်ဘက်မှ ၁၈၇ ဒသမ ၅ မိုင်ခန့် အကွာရှိ ဆီယောင်ဂျူကောင်တီရှိ ဂေါက်ကွင်းမှ အမေရိကန် စစ်စခန်းသို့ ပြောင်းထားသည့် နေရာ၌ ချထားပြီးဖြစ်သည်။

Ref: AFP

Most Read

Most Recent