လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရန် လစ်ဗျားရေပြင်၌ အီတလီသင်္ဘောများ တပ်ဖြန့်ရန် သဘောတူညီခဲ့ခြင်း မရှိဟု လစ်ဗျားအစိုးရ ငြင်းဆို

လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရန် လစ်ဗျားရေပြင်၌ အီတလီသင်္ဘောများ တပ်ဖြန့်ရန် သဘောတူညီခဲ့ခြင်း မရှိဟု လစ်ဗျားအစိုးရ ငြင်းဆို
Published 29 July 2017


ဇူလိုင် ၂၈ ရက်က ဆာဘရာတာနှင့် ဇာဝီယာတို့အကြား ရေပြင်၌ ကင်းလှည့်နေသော လစ်ဗျားကမ်းရိုးစောင့် တပ်ဖွဲ့ဝင်များ (Photo: AFP)

လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရန်အတွက် လစ်ဗျားရေပြင်တွင် အီတလီသင်္ဘောများ တပ်ဖြန့်ရန် အီတလီနှင့် သဘောတူညီခဲ့ခြင်း မရှိကြောင်း လစ်ဗျား၏ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု အစိုးရက ငြင်းဆိုခဲ့သည်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု Government of National Accord (GNA) အစိုးရ၏ ဝန်ကြီးချုပ် ဖေယက်အယ်ဆာရက်က လစ်ဗျားပိုင်နက်ရေပြင်သို့ အီတလီ ရေတပ်သင်္ဘောများ စေလွှတ်ရန် တောင်းဆိုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး လစ်ဗျားဝေဟင်သို့ တိုက်လေယာဉ်များ စေလွှတ်ရန် တောင်းဆိုခဲ့ခြင်းလည်း မရှိကြောင်း ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအခြေချများအား ကယ်တင်ရန်နှင့် လူမှောင်ခိုဂိုဏ်းများအား ရင်ဆိုင်ရန်အတွက် လစ်ဗျားကမ်းရိုးတန်းစောင့်တပ်ဖွဲ့အား လေ့ကျင့်လက်နက်တပ်ဆင်ပေးရန် အီတလီနှင့် လစ်ဗျားအစိုးရတို့ သဘောတူညီထားကြောင်း ဆာရက်က ပြောကြားခဲ့သည်။

လစ်ဗျားကမ်းရိုးတန်းစောင့်တပ်ဖွဲ့အား ထောက်ပံ့ရေးနှင့် နည်းပညာ အကူအညီများ ပေးရန် အီတလီ အစိုးရကို တောင်းဆိုထားကြောင်း အစိုးရလိုလားသည့် သတင်းအေဂျင်စီ LANA က ဖော်ပြခဲ့သော နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်က ဆိုခဲ့သည်။ ထိုသဘောတူညီချက်အရ အီတလီသင်္ဘောများသည် ထရီပိုလီဆိပ်ကမ်းတွင် ရှိရမည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးအတွက်သာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှင်းပြခဲ့သည်။

ဥပဒေ ကင်းမဲ့နေသော လစ်ဗျားနိုင်ငံကို အကန့်အသတ်နှင့် အုပ်ချုပ်နေရသော GNA အစိုးရသည် လစ်ဗျားတောင်ပိုင်းတွင် နယ်စပ်အစောင့်များအား ပံ့ပိုးကူညီရန်အတွက် အီတလီကို အကူအညီတောင်းထားကြောင်း ဝန်ကြီးချုပ် အယ်ဆာရက်က ပြောကြားထားသည်။ လစ်ဗျားတောင်ပိုင်းသည် ဥရောပကမ်းခြေသို့ ရောက်ရှိရန် ရည်ရွယ်သည့် ရွှေ့ပြောင်းအခြေချများအတွက် အဓိက ဝင်ပေါက်ဖြစ်သည်။

အီတလီဝန်ကြီးချုပ် ပါအိုလိုဂျန်တီလိုနီက အီတလီအစိုးရသည် လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရန်အတွက် လစ်ဗျားရေပြင်သို့ သင်္ဘောများ စေလွှတ်ရန် စီစဉ်ထားကြောင်း ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ယင်းအစီအစဉ်ကို လာမည့်သီတင်းပတ်၌ ပါလီမန်သို့ တင်သွင်းမည်ဟု ဆိုသည်။

ထရီပိုလီထံမှ အကူအညီ တောင်းခံမှုကို အစိုးရ အဖွဲ့က အသေးစိတ် ဆွေးနွေးခဲ့ကြောင်း ဂျန်တီလိုနီက ပြောကြားခဲ့သည်။

အီတလီသို့ ယခုနှစ်အတွင်း လူ ၉၄၀၀၀ နီးပါးကို ဘေးကင်းစွာဖြင့် လက်ခံခဲ့ပြီးဖြစ်ကြောင်း အီတလီပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ ထိုပမာဏသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ငါးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အန္တရာယ်များသော မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး အီတလီသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုကြောင့် ဇန်နဝါရီ နောက်ပိုင်းမှစ၍ လူ ၂၃၇၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားထားသည်။

Ref: AFP

Most Read

Most Recent