ဒေါ်လာ သန်း ၇၀၀ ကျော်တန် ဘိလပ်မြေစက်ရုံစီမံကိန်းအဆိုပြုထားသည့် ဦးစိုင်းမျိုးဝင်း၏ EFD Group က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လေလံတင်ရောင်းချသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို ဒေါ်လာ ၈၀၀၀၀ ဖြင့် ဈေးအများဆုံးပေးဝယ်

ဒေါ်လာ သန်း ၇၀၀ ကျော်တန် ဘိလပ်မြေစက်ရုံစီမံကိန်းအဆိုပြုထားသည့် ဦးစိုင်းမျိုးဝင်း၏ EFD Group က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လေလံတင်ရောင်းချသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို ဒေါ်လာ ၈၀၀၀၀ ဖြင့် ဈေးအများဆုံးပေးဝယ်
Published 8 October 2018

EFD Group က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆီဒိုးနားဟိုတယ်တို့ ပူးပေါင်းကျင်းပသည့် ရန်ပုံငွေရှာဖွေရေးပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကြေးရုပ်တုကို ဒေါ်လာ ၈၀,၀၀၀ ဖြင့် ဈေးအမြင့်ဆုံးပေးကာ လေလံအောင်မြင်ခဲ့စဉ် (Photo: EFD Group Facebook နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း Facebook)

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် Sedona Hotel Yangon တို့ ပူးပေါင်းကျင်းပသည့် ရန်ပုံငွေရှာဖွေရေးပွဲတော်ကို အောက်တိုဘာ  ၅ ရက်က ဆီဒိုးနားဟိုတယ် Grand Ball Room ၌ ကျင်းပခဲ့ပြီး အဆိုပါပွဲတော်တွင် အဓိက လေလံတင်ပစ္စည်းလေးမျိုးဖြစ်သည့် နော်ဝေနိုင်ငံမှ နာမည်ကျော် ပန်းပုပညာရှင်  Ms.Merete Sejersted Bodtker ထုဆစ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ပုံတူ ကြေးရုပ်တုအား Excellent Fortune Development Group က ဒေါ်လာ ၈၀၀၀၀ (အောက်တိုဘာ ၅ ရက် ဗဟိုဘဏ်ငွေလဲနှုန်းအရ ကျပ် ၁၂၀၈ သိန်း) ဖြင့်လည်းကောင်း ၊ မြန်မာနိုင်ငံမှ နိုင်ငံကျော်ပန်းချီပညာရှင်ဆရာကြီး ဦးလွန်းကြွယ် ရေးဆွဲထားသည့် ဒေါ် အောင်ဆန်းစုကြည်ပုံ ဆီဆေးပန်းချီကားအား ရှင်သန်သူ Public Co.,Ltd က ဒေါ်လာ ၄၂၀၀၀ ဖြင့်လည်းကောင်း၊ မြင့်ထွန်းဦး Gems & Jewelley  Co.,Ltdက လှူဒါန်းပေးသည့် ကျောက်စိမ်းပုတီးလည်ဆွဲ နှင့် လက်ကောက် အား ရှင်သန်သူ Public Co., Ltd (ညောင်ဦးမြို့) က ဒေါ်လာ ၁၅၀၀၀ ဖြင့်လည်းကောင်း၊ ချက်နိုင်ငံမှ နာမည်ကျော်ဖန်ထည် အနုပညာရှင် Jitka Kamencova Skuhrava ပုံဖော် ပြုလုပ်ထားပြီး Traditional Czech Crystal Co.,Ltd ကလှူဒါန်းပေးသော ဖန်ထည်ပန်းအိုးအား Marga Group က ဒေါ်လာ ၄၀၀၀ ဖြင့်လည်းကောင်း အသီးသီး လေလံအောင်မြင်ခဲ့သည်။

အခြားလေလံများဖြစ်ကြသည် Real Fitness Signature မှ လှူဒါန်းပေးသည့် တစ်နှစ်စာ Membership Fees အား Marga Group က ဒေါ်လာ ၃၅၀၀ ဖြင့်လည်းကောင်း၊ Marga Group မှ လှူဒါန်းပေးသည့် လူနှစ်ဦးစာ အတွက်  Hong Kong ခရီးစဉ် Package နှင့် Seoul ခရီးစဉ် Package ၊ Myanmar National Airline မှ လှူဒါန်းပေးသည့် လူတစ်ဦးစာအတွက် YGN- Singapore-YGN ticket ၊ YGN- Bangkok-YGN ticket နှင့် YGN-Hong Kong-YGN ticket ၊ China Airlines မှ လူ တစ်ဦးစာအတွက် YGN-Taipei-YGN ticket အသီးသီးတို့အား Excellent Fortune Development Group  က ဒေါ်လာ ၂၈၀၀၊ ဒေါ်လာ၂၆၀၀၊  ဒေါ်လာ ၁၅၀၀၊ ဒေါ်လာ ၁၁၀၀၊ ဒေါ်လာ ၉၀၀၊ ဒေါ်လာ ၆၀၀ အသီးသီးဖြင့်လည်းကောင်း လေလံပမာဏ အများဆုံးပေးလှူပြီး လေလံအောင်မြင်ခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လေလံတင်ရောင်းချမှုများမှ ဒေါ်လာ ၁၅၄၀၀၀ အထိ ရရှိချိန်တွင် Excellent Fortune Developmnet Group က ဒေါ်လာ ၈၉၅၀၀ (ကျပ် ၁၃၅၁ သိန်းကျော်) အထိ အများဆုံး အသုံးပြု ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှူဒါန်းမှုများနှင့် ပတ်သက်ပြီး  Sai Myo Win Facebook တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်သည့် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းရဲ့ SEDONA HOTEL မှာ (၅.၁၀.၂၀၁၈) ရက်က ကျင်းပခဲ့တဲ့  MUSIC & MEMORIES ရန်ပုံငွေ ရှာဖွေရေးပွဲတော်တွင် ကျွန်တော်တို့  Excellent Fortune Development Group  (EFD Group) မှ USD(89,500) တန်ဖိုးရှိ လေလံများကို အောင်မြင် လှူဒါန်းခဲ့ပါတယ်။ ရည်ရွယ်ချက်နဲ့ စွမ်း ဆောင်မှုတွေ ကောင်းမွန်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဓွန့်ရှည်ပြီး ပြည်သူ့အကျိုးကို ပိုမိုဖြည့်ဆည်း၊ ဆောင်ရွက်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ယခင်အစိုးရလက်ထက်များက မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်ကြီးများသည် အစိုးရသို့ ငွေလှူဒါန်းမှုပြုကာ မြန်မာနိုင်ငံရှိ စီမံကိန်းကြီးများကို ချိုသာသောဈေးနှုန်းဖြင့် အလွယ်တကူ လုပ်ပိုင်ခွင့် ရရှိသွားမှုများ ရှိသည့်အတွက် NLD အစိုးရလက်ထက်တွင် ထိုသို့သော ငွေလှူဒါန်းပြီး အခွင့်အရေးရယူမှုများ ရှိလာမည်ကို ပြည်သူများက စိုးရိမ်မှုများရှိနေကာ လက်ရှိအချိန်တွင် ဦးစိုင်းမျိုးဝင်း၏  Excellent Fortune Development Group  က ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တုကို ဒေါ်လာ  ၈၀၀၀၀ ပေးဝယ်ယူခဲ့မှုအပေါ် ဝေဖန်မှုများရှိ နေသည်။

ထို့ပြင် စက်တင်ဘာလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မလစ်ကျေးရွာအုပ်စု၊ တောင်တလုတ်ကျေးရွာမြေ ဧက ၅၅၀ အား ဦးစိုင်းမျိုးဝင်း၏ Excellent Fortune Construction Co.,Ltd ထံသို့ ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စာချုပ်ချုပ်ဆိုပြီး ငါးရက်အကြာ မတ် ၃၀ ရက်တွင် မြေငှားဂရန်များ ချထားပေးခဲ့ကြောင်း အဆိုပါ အလျင်အမြန်ချထားပေးမှုကို စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ထိုသို့ အလျင်အမြန် လွှဲပြောင်းပေးခဲ့မှုများမှာ နစ်နာမှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က မီဒီယာ များသို့ ဖြေကြားခဲ့သည်။

ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ပြည် သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာတွင်လည်း ဦးစိုင်းမျိုးဝင်း၏ FIRST GOLDEN DRAGON CONSTRUCTION က ကြို့ကုန်းမြေနေရာ ၃၂ ဧကကို နှစ်ရှည်ငှားရမ်းရန် အဆိုပြုလွှာ ခေါ်ယူရာတွင် အဆိုပြုလွှာ လျှောက်ထားခဲ့ သည့် ကုမ္ပဏီ ၅၉ ခုကို ကျော်ဖြတ်ပြီး FIRST GOLDEN DRAGON CONSTRUCTION က အဆိုပြုလွှာတင်ပြခြင်းမရှိဘဲ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဦးစိုင်းမျိုးဝင်း၏ Excellent Fortune Foundation သည် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှစ်လေးလုံးသမိုင်း ပြတိုက်ဖြစ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန စသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ယခုနှစ်အတွင်း သိန်းရာထောင်ချီ များပြားစွာ လှူဒါန်းခဲ့သည့် အပြင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သို့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကျပ်သိန်း ၁၀၀၀ လှူ ဒါန်းထားသည်။

ဦးစိုင်းမျိုးဝင်းအနေဖြင့် လတ်တလောတွင် ကရင်ပြည်နယ်၌ ဒေါ်လာ သန်း ၇၀၀ ကျော်တန် စီမံကိန်းများနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာတွင် “ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့၊ ရင်းဘိုင်ကျေး ရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအနီးမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀ ခန့် ကုန်ကျ မယ့် တစ်ရက် တန် ၁၀၀၀၀ ကျ နှစ်လိုင်း ပါဝင်မယ့် ဘိလပ်မြေစက်ရုံစီမံကိန်းကို ဦးစိုင်းမျိုးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ ရတနာ စိုင်းကောင်းထက်ကျော် ကုမ္ပဏီက တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။

ကရင်ပြည်နယ်အစိုးရရဲ့ ထောက်ခံချက်ရရှိထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေ တဲ့ ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ BGF နဲ့ KNU ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့စီမံကိန်း ဖြစ်ပါတယ်။ ဒီဘိလပ်မြေစက်ရုံဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးဘိလပ်မြေစက်ရုံ ဖြစ်လာမှာဖြစ်ပြီး တစ်နေ့ကို ဘိလပ်မြေတန် ၁၀၀၀၀ ကျ နှစ်လိုင်းစနစ် တည်ဆောက်မှာ ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။ တစ်လိုင်းကို ဒေါ်လာ သန်း ၃၈၀ ခန့်ရှိပြီး နှစ်လိုင်းကျ ဖြစ်တာမို့ ဒေါ်လာ သန်း ၇၆၀ ခန့်ကုန်ကျမှာလို့  သိရပါတယ်။ ဒေသခံ လူဦးရေ ၅၀၀၀ ခန့်ကို  အလုပ်အကိုင်အခွင့်အလမ်း ပေးထားနိုင်မယ်လို့ ဆိုတဲ့အပြင် လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ် ထွက်မည့် စက်ရုံကိုလည်း ပူးတွဲထည့်သွင်းတည်ဆောက်မယ်လို့ သိရပါတယ်”  ဟု ရေးသားဖော်ပြထားသည်။

လတ်တလောတွင် ရေးသားဖော်ပြချက်များနှင့်ပတ်သက်ပြီး ဦးစိုင်းမျိုးဝင်းကို ဆက်သွယ်ကာ သီးခြားအတည်ပြုရန် The Daily Eleven သတင်းစာက ကြိုးပမ်းနေပြီး လတ်တလောတွင် ရန်ကုန်ခေတ်သစ်မီဒီယာနှင့် အခြားမီဒီယာအချို့၏ ရေးသားဖော်ပြချက်များနှင့်ပတ်သက်ကာ Sai Myo Win Facebook တွင် “ကျွန်တော် ပြောချင်တာလေး တစ်ခုရှိပါတယ်ခင်ဗျာ။ သတင်းသမားတစ်ယောက်အနေနဲ့ ကိစ္စတစ်ခုကို သေချာမသိဘဲ ကိုယ်ထင်တာကို သတင်းတစ်ခုအနေနဲ့ ရေးလို့ရတယ်ဆိုပေမဲ့ မဟုတ်ဘဲနဲ့ အရေးခံရတဲ့ တစ်ဖက်လူမှာ များစွာနစ်နာပါတယ်။ စိတ်မကောင်းခြင်းများစွာ ခံစားနေရပေမဲ့ သတင်းရေးတဲ့သူကို မုန်းတီးခြင်း မဖြစ်မိပါဘူး။ နားလည်ခွင့်လွှတ်ပါတယ်။ တကယ်တော့ အမှန်တရားတစ်ခုဟာ မဖြေရှင်းလည်းဘဲ တစ်နေ့မှာ သိလာရမှာပါ။ နိဂုံးအနေနဲ့ တင်ပြလိုတာက ‘ကိုယ့်ရဲ့လုပ်ရပ်သာလျှင် ကိုယ့်ရဲ့ သမိုင်းပါ’ လူသားတိုင်း ကိုယ့်ရဲ့ သမိုင်းပန်းချီကို လှပအောင် ရေးခြယ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု သတင်းမီဒီယာအချို့၏ ရေးသားမှုအပေါ် တုံ့ပြန်ထားသည်ကို တွေ့ရှိ ရသည်။

ယခင်က MYANMAR FORCE GROUP ဟုခေါ်တွင်သည့်  Excellent fortune Development Group သည် မြန်မာနိုင်ငံတွင် အင်အား ကြီးမားတောင့်တင်းပြီး နာမည်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းစု ဖြစ်သည်။ သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်ခြင်း၊ အိမ်ခြံမြေရောင်းဝယ်ခြင်းနှင့် ဆောက်လုပ်ခြင်း၊ ပြည်တွင်း၌ လမ်းတံတားတည်ဆောက်ခြင်း၊ ကျွန်းသစ်စိုက်ပျိုးထုတ်လုပ်ခြင်း စသည့် ပြည်တွင်းစီးပွားရေး အခြေပြုလုပ်ငန်း များနှင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ဘိလပ်မြေစက်ရုံ တည်ထောင်ခြင်း၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ထောင်ခြင်း၊ အာမခံကုမ္ပဏီတည်ထောင်၍ အသက်အာမခံနှင့် အထွေထွေ အာမခံလုပ်ငန်းများဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဦးစိုင်းမျိုးဝင်း၏ ကရင်ပြည်နယ်၌ ဒေါ်လာ သန်း ၇၀၀ ကျော်တန်စီမံကိန်းများနှင့်  ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရရှိ သေးသော်လည်း EFD Group ကုမ္ပဏီ လက်အောက်ရှိ SOE NAING PHYO CO.LTD နှင့်တရုတ်နိုင်ငံ JIDONG DEVELOPMENT GROUP CO.,LTD တို့ ပူးပေါင်းပြီး MYANMAR JIDONG CEMENT CO.,LTD ကို တည်ထောင်၍ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် NEW DRY PROCESS အခြောက်နည်းစဉ်အသစ်ဖြင့် တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ကျထုတ်လုပ်မှုလိုင်းနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ကျ ထုတ်လုပ်မှုလိုင်း  Project ဆောင်ရွက်နေကြောင်း ကုမ္ပဏီ၏ Website တွင် ဖော်ပြထားသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆီဒိုးနားဟိုတယ်တို့ ပူးပေါင်းကျင်းပသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေရှာဖွေရေးပွဲကို အောက်တိုဘာ ၅ ရက်က ပြုလုပ်စဉ်

ထို့ပြင် EFD Group မှ MYANMAR HEBEI CONSTRUCTION & INVEST-MENT CO.,LTD. အမည်ဖြင့် ရန်ကုန်မြို့ တွင် ၁၀၀၀ MVA နှင့် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၆၀၀ MVA ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံတို့ကို တည်ဆောက်ပြီး နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းနှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကျောက်စိမ်းထုတ်လုပ်မှုနှင့် ပတ်သက်ပြီး EFD Group လက်အောက်ရှိ  JADE KING & QUEEN GEMS & JEWELLERYCO.,LTD နှင့်  YADANAR SAI KAUNG MYAT KYAW GEMS CO.,LTD တို့၏ ကျောက်စိမ်းလုပ်ကွက်များသည် အရည်အသွေးကောင်း ကျောက်စိမ်းများစွာထွက်ရှိသည့် လုပ်ကွက်များဖြစ်ပြီး လုပ်ကွက် ၃၇ ကွက် ပိုင်ဆိုင်ထားသည်။

ယင်းအပြင် EFD Group လက်အောက်ခံ ကုမ္ပဏီ  SOE NAING PHYO CO.,LTD. မှ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တိုင်းကောက်ချောင်းဒေသတွင် ကျောက်မီးသွေး အကြီးစား တူးဖော်ထုတ်လုပ်မှု Project ရှိပြီး ဧရိယာ ဧက ၂၁,၃၅၀ ရှိသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ သံဆိပ်ကျေး ရွာအုပ်စု၊ စောပဲဒိုးကွင်းဒေသနှင့် ဘောကထကျေးရွာအုပ်စု၊ ဘောကထဒေသတို့တွင် သံ သတ္တုအကြီးစားတူးဖော်ထုတ်လုပ်မှု Project ရှိပြီး ဧရိယာမှာ ဧက ၅,၉၀၀ ရှိသည်။

အဆိုပါ လုပ်ငန်းများအပြင် YADANAR SAI KAUNG MYAT KYAW MINING CO.,LTD.& NAN YI MON AUNG MINING CO.,LTD  တို့က ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်၊ မော်ချီးဒေသ နှင့် ဖားဆောင်းဒေသတို့တွင် ခဲမဖြူ၊ အဖြိုက်နက် တူးဖော်ထုတ်လုပ်မှု Project လုပ်ကိုင်နေပြီး ဧရိယာမှာ ဧက ၈၀၀ ရှိသည်။

အလားတူပင် PYI TAN YADANAR MINING & PRODUCTION CO.,LTD ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ သီခေါင်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပတ်လုပ်ကွက်တွင် ခဲနှင့်ရောရာ သတ္တုရိုင်း တူးဖော်ထုတ်လုပ်မှု Project ရှိပြီး ဧရိယာမှာ ၂၇ ဧကရှိကာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးကျေးရွာအုပ်စုအတွင်း ရှိ မြွေပွေးတောင် လုပ်ကွက်တွင် ကြေးနီသတ္တုရိုင်း တူးဖော်ထုတ်လုပ်မှု စီမံကိန်းရှိပြီး ဧရိယာ ၂၀ ဒသမ ၄၅ ဧက အပေါ်တွင် လုပ်ကိုင်နေကြောင်း သိရသည်။

ယင်းလုပ်ငန်းများအပြင် YADANAR SAI KAUNG MYAT KYAW MINING CO.,LTD., NAN YI MON AUNG MINING CO.,LTD., MYANMAR SHWE AYKARIT MINING CO.,LTD., MYANAR GOLDEN FAMILY MINING CO.,LTD ESifh MYANMAR YANGON CO.,LTD စသည့် ကုမ္ပဏီများသည် ပဲခူးတိုင်း  ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ်တို့တွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများလုပ် ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများစွာအပြင် EFD Group ကုမ္ပဏီလက်အောက်ရှိ FIRST GOLDEN DRAGON CONSTRUCTION CO.,LTD ၏ ရှမ်းပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးဇုန်စီမံကိန်းသည် ရွှေလီမြစ်ကမ်းနံဘေး မူဆယ်မြို့ စွမ်းစော်ရပ်ကွက် ကွင်းအမှတ်(၁၀၊ ၁၂) ရှိ မြေဧရိယာ ၁၄၇ ဒသမ ၃၅ ဧကတွင် တည်ရှိပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ နိုင်ငံတကာအဆင့်မီ စီးပွားရေးဇုန် ဒုတိယမြို့သစ်ကို ဟိုမွန်ရပ်ကွက် ကွင်း အမှတ်(၁) ကွင်းပြင်ပရှိ မြေဧရိယာ ၃၈၇ ဒသမ ၂၅ ဧက တည်ဆောက်မည်ဖြစ်သည်။

EFD Group ကုမ္ပဏီလက်အောက်ရှိ MYANMAR FORCE TRADING CO., LTD. ဖြင့် နေပြည်တော်၊ ဥတ္တရသီရိမြို့တွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်း Project ကို လုပ်ကိုင်ဆောင် ရွက်နေပြီး GOLDEN ENVIRONMENTAL CONSTRUCTION CO.,LTD ဖြင့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်ရှိ မြေဧရိယာ ၁၆ ဧကတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူမျှဝေပေးရေးစနစ်ဖြင့် အဆင့်မြင့်အိမ်ရာ ဆောက်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသည်။

ထို့ပြင် EFD Group ကုမ္ပဏီလက်အောက်ရှိ Mya Sein Taung Nyo Teak Plantation ကျွန်းသစ်စိုက်ပျိုးခြင်း လုပ်ငန်းသည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တို့တွင် တည်ရှိပြီး စိုက်ပျိုးမှုဧရိယာ ဧက ၃၀,၀၀၀ စီမံကိန်းဖြစ်ကာ စိုက်ပျိုးပြီးစီးမှုဧရိယာ ဧက ၁၁,၄၈၀  ရှိသည့် မြန်မာနိုင်ငံတွင် အဘက်ဘက်မှ အအောင်မြင်ဆုံး ပုဂ္ဂလိက ကျွန်း အထူးစိုက်ပျိုးခြင်းလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံး ပုဂ္ဂလိကကျွန်းသစ်စိုက်ပျိုးရေး လုပ်ငန်းသည် ရခိုင်ရိုးမနှင့် ပဲခူးရိုးမကြား၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်း၊ ပဲခူးမြစ်၏ အနောက်ဘက်၊  အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ဆက်စပ်နေပြီး ရန်ကုန်မြို့ မှ မိုင် ၇၀ ခန့် ခရီးကွာဝေးသည်။ ကျွန်းခြံ နေရာသည် 30 m - 70 m ရှိသည့် ကုန်းမြင့်နှင့် မြေပြန့်ဒေသဖြစ်ပြီး နှစ်စဉ် ပျမ်းမျှအပူချိန် 30  ံC ခန့်ရှိကာ နှစ်စဉ် အပူချိန်ကွာခြားမှုမှာ အများဆုံးပျမ်းမျှအနေဖြင့် 11  ံC ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ပထမအသုတ်အနေဖြင့် ၁,၀၀၂ ဧကကို စတင်စိုက်ပျိုးခဲ့ပြီး၊ အပင် ပေါင်း ၅,၀၀၄,၆၉၂ ပင် စိုက်ပျိုးပြီးစီးထားသည်။ ခုနစ်နှစ်လျှင် တစ်ကြိမ် (7a), (14a),  (21a), (28a) ဟူ၍ အချိန်ကာလ လေးကြိမ်ခွဲ၍ ခုတ်ယူမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်မှစ၍ ၂၀၃၉ ခုနှစ်အထိ ကျွန်းသစ်ရောင်းရငွေ စုစုပေါင်း ဒေါ်လာ ၁၂,၂၈၃ သန်းခန့်ရရှိမည်ဟု EFD Group ကုမ္ပဏီက ခန့်မှန်းထားကြောင်း သိရသည်။

EFD Group ကုမ္ပဏီအနေဖြင့် အဆိုပါလုပ်ငန်းများအပြင် အာမခံလုပ်ငန်းနှင့် မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြောင်း ကုမ္ပဏီ၏ Website တွင် ဖော်ပြထားမှုအရ သိရသည်။

 

Most Read

Most Recent