ဦးကိုနီ တစ်ဦးတည်းကိုသာ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဦးနေဝင်းအား မပစ်သတ်ခဲ့ကြောင်းနှင့် ဦးကိုနီအား သတ်ရန် စေခိုင်းခံနေရစဉ် စေခိုင်းသူထံ ဖုန်းတစ်ကြိမ် ဝင်လာကြောင်း ကြည်လင်း ထွက်ဆို

ဦးကိုနီ တစ်ဦးတည်းကိုသာ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဦးနေဝင်းအား မပစ်သတ်ခဲ့ကြောင်းနှင့် ဦးကိုနီအား သတ်ရန် စေခိုင်းခံနေရစဉ် စေခိုင်းသူထံ ဖုန်းတစ်ကြိမ် ဝင်လာကြောင်း ကြည်လင်း ထွက်ဆို
Published 13 July 2018

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ဇူလိုင် ၁၂ ရက် ရုံးချိန်းတွင် တွေ့ရစဉ်

ဦးကိုနီ တစ်ဦးတည်းကိုသာ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဦးနေဝင်းကို မပစ်သတ်ခဲ့ကြောင်းနှင့် ဦးကိုနီအား သတ်ရန် စေခိုင်းခံနေရစဉ် စေခိုင်းသူထံသို့ ဖုန်းတစ်ကြိမ် ဝင်လာကြောင်း ကြည်လင်းက တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ လေးဦးကို ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းခေါ်ယူခဲ့ပြီး ယင်းနေ့တွင် ကြည်လင်း ကို တရားခံအနေဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ကြည်လင်း၏ ထွက်ဆိုချက်များတွင် ဦးကိုနီကို မလုပ်ကြံမီ ၁ ရက် (၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၈) ရက်၌ လွန်ခဲ့သော နှစ်များစွာကတည်းက မန္တလေးမြို့တွင် ခင်မင်ခဲ့သည့် မြင့်ဆွေဆိုသူက ၎င်း၏ ဖုန်းကို ဆက်သွယ်လာပြီး ဘယ်ရောက်နေသလဲဟု မေးသဖြင့် ရန်ကုန် ရောက်နေသည်ဟု ပြန်ပြောရာ မြင့်ဆွေက သူလည်း ရန်ကုန်ရောက်နေကြောင်း၊ မတွေ့တာကြာ၍ မနက်ဖြန် တွေ့ချင်သည်ဟု ပြောကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် မြင့်ဆွေက ဖုန်းဆက်၍ ရန်ကုန်မြို့လယ်ကောင်ရှိ မဟာဗန္ဓုလပန်းခြံသို့ လာရန် ချိန်းဆိုသဖြင့် သွားရာ မတွေ့သဖြင့် မြင့်ဆွေထံ ဖုန်းပြန်ဆက်ခဲ့ရာ မြင့်ဆွေက ရန်ကုန်လေဆိပ်သို့ လိုက်ခဲ့ရန်ပြောသဖြင့် ရန်ကုန်လေဆိပ်သို့ လိုက်သွားကြောင်း၊ ထိုအချိန်တွင် မြင့်ဆွေနှင့် နောက်ဆုံး ဖုန်းပြောခြင်း ဖြစ်ကြောင်း ထွက်ဆိုချက်တွင် ပါဝင်သည်။

ထိုသို့ လိုက်သွားရာ ရန်ကုန်လေဆိပ် ကားပါကင်တွင် မြင့်ဆွေနှင့် တွေ့ကြောင်း၊ မြင့်ဆွေနှင့်အတူ လူမျိုးခြား နှစ်ဦးလည်း ပါကြောင်း၊ ထို့နောက် မြင့်ဆွေက ကားထဲ ဝင်ထိုင်ခိုင်းပြီး ကြည်လင်း၏ အလုပ်အကိုင် အခြေအနေကို မေးမြန်းရာ ကြည်လင်းက ကျောက်အရောင်းအဝယ် လုပ်နေသည်ဟု ပြန်ဖြေခဲ့ကြောင်း၊ ကြည်လင်းကလည်း မြင့်ဆွေကို ခင်ဗျားလည်း မဲဆောက်က မိန်းမနဲ့ ကလေးတွေ ဘာတွေရပြီလားဟု မေးမြန်းရာ မြင့်ဆွေက ကလေး နှစ်ဦး ရကြောင်း၊ မန္တလေး ပြန်ရောက်လျှင် သူနှင့်တွေ့ခဲ့သည့်အကြောင်း သူ့မိန်းမကို ပြန်မပြောရန် ဘယ်သူကိုမှ မပြောရန် မှာကြောင်း၊ သူ့ကိုယ်သူ သေပြီဟု သတင်းလွှင့်ထားကြောင်း၊ ထို့နောက် ကြည်လင်းက မြင့်ဆွေ၏ အလုပ်အကိုင် အခြေအနေကို မေးမြန်းရာ မြင့်ဆွေက ဝစ်သောက်ကားလေး ဘာလေး ရောင်းဝယ်နေသည်ဟု ဖြေကြောင်း ကြည်လင်း၏ ထွက်ဆိုချက်တွင် ပါရှိသည်။

ထို့ပြင် ကြည်လင်းက ၎င်းကို မြင့်ဆွေဆိုသူက ဖုန်းထဲရှိ အမျိုးသားတစ်ဦး၏ ဓာတ်ပုံများပြသ၍ သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်ရန် စေခိုင်းကြောင်း၊ ကြည်လင်းက ၎င်းသည် ထောင်ကို ကြောက်သဖြင့် လူသတ်ရန် မဆိုထားနှင့်၊ မူးယစ်ဆေးဝါးပင် မလုပ်ကြောင်း၊ မြင့်ဆွေဆိုသူ၏ လူသတ်ရန် ကမ်းလှမ်းချက်ကို စိတ်ဆိုးစွာ ငြင်းပယ်ခဲ့သော်လည်း မြင့်ဆွေဆိုသူက သူခိုင်းသည့်အတိုင်း ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ခြင်း မပြုပါက ၎င်းကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ ကြည်လင်းအနေဖြင့် ထွက်ပြေးပါကလည်း ကြည်လင်း၏ မိသားစုကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထိုသို့ မြင့်ဆွေဆိုသူက ဦးကိုနီအား သတ်ရန် ကြည်လင်းကို စေခိုင်းစဉ် မြင့်ဆွေထံ ဖုန်းတစ်ကြိမ် ဝင်လာကြောင်း၊ တစ်ဖက်က ပြောသံကို မကြားရသော်လည်း မြင့်ဆွေက အေးအေးဟု ပြန်ပြောသည်ကို ကြားရကြောင်း၊ ယင်းနောက် မြင့်ဆွေက ကြည်လင်းကို လွယ်အိတ် တစ်လုံး ပေးလိုက်ကြောင်း၊ ဦးကိုနီ လေဆိပ်ခန်းမထဲမှ အပြင်သို့ ထွက်လာစဉ် မြင့်ဆွေက ဦးကိုနီအား ရည်ညွှန်းကာ အဲဒီလူပဲဟု တိုးတိုးကပ် ပြောကြောင်း၊ ဦးကိုနီကို သေနတ်ဖြင့် ပစ်ပြီး ကားရပ်နားထားသည့် နေရာသို့ ပြန်ပြေးလာရန် ပြောကြောင်း၊ ဦးကိုနီကို သတ်ရန် တွေဝေနေသော်လည်း ၎င်းကို သတ်မည်ဆိုသဖြင့် ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်ပြီး ပြေးရာ ရဲသုံးဦးခန့်နှင့် လူအုပ်စုက ၎င်းနောက် လိုက်လာသဖြင့် ကျွန်တော် အဖမ်းခံပါမည်ဟုပြောကာ သေနတ်ကို မြေကြီးပေါ် ချထားကြောင်း၊ ထို့နောက် လူအုပ်စုက ခဲများနှင့် ထုသဖြင့် ချထားသည့် သေနတ်ကို ပြန်ကိုင်ပြီး ဆက်ပြေးခဲ့ရာ ကားလမ်း အရောက်တွင် တက္ကစီတစ်စီးကို တား၍ စီးနေစဉ် လူအုပ်စုက ၎င်းကို ထိုးကြိတ်ဖမ်းကြောင်း၊ ထိုသို့ ၎င်းမှာ အထိုးကြိတ်ခံနေရစဉ် ဒိုင်းဆိုသည့် သေနတ်သံကြားလိုက်ရပြီး သေနတ်မှာ မိမိလက်ထဲတွင် မရှိကြောင်း ကြည်လင်း၏ ထွက်ဆိုချက်တွင် ပါရှိသည်။

ကြည်လင်းက ၎င်းသည် လေဆိပ်တွင် ဦးကိုနီမှ လွဲ၍ မည်သူ့ကိုမျှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းမရှိဘဲ ဦးကိုနီကိုလည်း မိမိ ခြိမ်းခြောက်ခံရသဖြင့်သာ ပစ်သတ်ခဲ့ခြင်းဖြစ်ကာ သေစေလိုသည့် ဆန္ဒမရှိကြောင်း၊ ဦးနေဝင်းကို ပစ်ခဲ့ခြင်းမရှိဘဲ မည်သည့် နည်းဖြင့် သေနတ်မှန်သည်၊ မည်သို့ သေဆုံးသည်ကို ၎င်းမသိကြောင်း ထွက်ဆိုခဲ့ပြီး ၎င်းအဖမ်းခံရစဉ် ရဲများက သိမ်းဆည်းခဲ့သည့် ဆိုင်ကယ်မှာ နယ်မှ ၎င်း၏ သူငယ်ချင်းဖြစ်သူက လူကြုံဝယ်ပေးရန် မှာထားသဖြင့် ပြန်ထုတ်ပေးရန် တင်ပြလိုကြောင်း ထွက်ဆိုခဲ့သည်။

Most Read

Most Recent