မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသော တိုင်းရင်းသားများ၏ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေး အရေးတယူဆောင်ရွက်ပေးရန်အဆို အမျိုးသားလွှတ်တော်သို့ တင်သွင်း

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသော တိုင်းရင်းသားများ၏ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေး အရေးတယူဆောင်ရွက်ပေးရန်အဆို အမျိုးသားလွှတ်တော်သို့ တင်သွင်း
Published 10 August 2017

ရသေ့တောင်မြို့နယ် ကျေးရွာသုံးရွာမှ ဒေသခံတိုင်းရင်းသားများလုံခြုံရေးစခန်းရှိသော စေတီပြင်ကျေးရွာသို့ ရွှေ့ပြောင်းနေသည်ကို သြဂုတ် ၄ ရက်က တွေ့ရစဉ်

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာထွက်ပြေးလာသော တိုင်းရင်းသားများ၏ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူဆောင်ရွက်ပေးရန် အဆိုအား ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ်က အမျိုးသားလွှတ်တော်သို့ တင် သွင်းသည်။

သြဂုတ် ၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းအဆိုအား တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုတင်သွင်းခြင်း မပြုမီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုနှင့်ဆင်တူသည့် အဆိုအား ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါ်ထုမေကလည်း တင်သွင်းခဲ့ကြောင်း၊ သို့ရာတွင် ဦးခင်မောင်လတ်က စောစွာတင်သွင်းခဲ့သည့်အတွက် ဦးခင်မောင်လတ်၏ အဆိုအား ဆွေးနွေးစေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ဦးခင်မောင်လတ်တင် သွင်းသည့်အဆိုအား ဒေါ်ထုမေက ထောက်ခံရန် ပြောကြားသည်။

ဦးခင်မောင်လတ်က အကြမ်းဖက်အဖွဲ့ဝင်များကို အမြစ်ပြတ်ရှာဖွေဖော်ထုတ်ရာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များကို ဝိုင်းဝန်း တိုက်ခိုက်အကြမ်းဖက် ရန်ရှာသူများနှင့်၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက် တွင် ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် အောက်နန်းရာကျေးရွာတွင် RSO အကြမ်းဖက်သမားများအား ဖမ်းဆီးသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်ပြုသူ များအား ထိရောက်စွာ တားဆီးနိုင်ရေးအတွက် ထိရောက်သော လုပ်ပိုင်ခွင့်အစီအမံများ (ဥပမာ-သေနတ်ပစ်မိန့်) များ ချမှတ်ပေးသင့်ကြောင်း အဆိုတင်သွင်းစဉ် ပြောကြားသည်။

ဦးခင်မောင်လတ်က “ဘူးသီးတောင်၊ မောင်တောဒေသကို ဖိလစ်ပိုင်နိုင်ငံ မာရာဝီဒေသကဲ့သို့ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ ပညာရှင်တွေက သုံးသပ်ထားတာရှိပါတယ်။အယ်ကိုင်ဒါ၊ တာလီဘန် စတဲ့ အကြမ်းဖက် အဖွဲ့တွေရဲ့ နယ်မြေသစ်ဟာ အရှေ့တောင်အာရှဖြစ်တယ်ဆိုတာကို တွေ့နေရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွေကို သူတို့အတွက် အကြမ်းဖက်နယ်မြေအဖြစ် သတ်မှတ်ထားတယ်ဆိုတာ ထင်ရှားနေပါတယ်။၂၀၁၆ ခုနှစ်  Global Terrorism Index ကမ္ဘာ့အကြမ်းဖက်မှုအညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အဆင့် ၄၅ သို့ရောက်ရှိနေပါတယ်။ ဒါကြောင့် ဘူးသီးတောင်၊ မောင်တောဒေသရဲ့ အကြမ်းဖက်ခံရနိုင်မှုအခြေအနေဟာ အလွန်မြင့်မားနေပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် မေယုနယ်ခြားဒေသ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်များတွင် ကျီးကန်းပြင်နယ်ခြားစောင့် ရဲဌာနချုပ်၊ ကိုးတန်ကောက်စခန်း၊ ငခူရစခန်းများကို အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် စနစ်တကျ ပြင်ဆင်ခဲ့သည်မှာ ထင်ရှားနေကြောင်း၊ အစွန်းရောက်အကြမ်းဖက်သမားများသည် ဤဒေသရှိမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများကို စည်းရုံးသိမ်းသွင်းပြီး အမာခံအဖြစ် ခြေကုပ်ယူလျက် စည်းရုံးသိမ်းသွင်းမရသူများကို သစ္စာဖောက်အဖြစ် သတ်မှတ် ကာ နေ့စဉ်နှင့်အမျှ သတ်ဖြတ်ဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ယခုနှစ် ဇွန် ၂၀ ရက်တွင် မေယုတောင်ကြောတစ်လျှောက် လျှို့ဝှက်စခန်းနေရာများ၊ လိုဏ်ခေါင်းများ၊အကြမ်းဖက်သင်တန်းပေးမှုများကို တွေ့ရှိခြင်း၊ သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်နေခြင်းကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှ ရခိုင်မျိုးနွယ်စုဝင် လူနည်းစုများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းအခြေအနေများ ဆိုးရွားကျဆင်းလျက် နေရပ်စွန့်ခွာထွက်ပြေး အခြေအနေသို့ရောက်ရှိနေကြောင်း ဦးခင်မောင်လတ်က ပြောကြားသည်။

“ဘူးသီးတောင်၊ မောင်တောဒေသမှာ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလအတွင်း ဖြစ်စဉ်တွေကို ကြည့်ရင် တိုင်းရင်းသားလူနည်းစုတွေရဲ့ စိုးရိမ်ကြောက်လန့်မှုဟာ အကြောင်းမဲ့သက်သက် မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြင့်လာပြီး အခြေအနေပိုဆိုးဖို့ အလားအလာ ရှိတဲ့အတွက်ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ရခိုင်တိုင်းရင်းသားတွေအပါအဝင် တပ်မတော်၊ ရဲတပ်ဖွဲ့တွေပါ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက် နယ်စပ် ဖြတ်ကျော်သွားလာမှုတွေ၊ ခိုးဝင်အခြေချမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ မေ ၄ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ပဲနီရွာလက် လုပ်မိုင်းသင်တန်းမှာ မော်လဝီဆရာတစ်ဦးနဲ့ အတူ နိုင်ငံခြားသားနှစ်ဦး ပါဝင်နေခြင်းက သက်သေပြလျက်ရှိပါတယ်” ဟု ဦးခင်မောင်လတ်က ပြောကြားသည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် လူဦးရေအချိုးအစား အလွန်ကွာခြားသည့်အတွက် ဌာနေတိုင်းရင်းသား လူနည်းစုအနေဖြင့် ကျီးလန့်စာစားဘဝဖြင့် ရပ်တည်နေရကြောင်း၊ ကျေးရွာများကို စွန့်ခွာကာ မကြာခဏ ထွက်ပြေးနေရာမှာ လောလောဆယ်တွင် လူရာထောင်ချီပြီး လုံခြုံသည့် နေရာများသို့ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများသည် လူဦးရေနည်းပါးသည့် ကျေးရွာများဖြစ်ပြီး တစ်ဖက်နိုင်ငံမှ အခြေချဝင်ရောက်သူများ၏ အိမ် ခြေထောင်ချီသော ကျေးရွာများ၏ ဝိုင်းပတ်မှုကို ခံနေရကြောင်း၊ လယ်ယာမြေရှားပါးသည့်အတွက် လျှိုမြောင်၊ တောတောင်များတွင် ဝမ်းစာရှာဖွေနေရသည့်အတွက် တစ်ဖက်ကျူးကျော်သူများ၏ နှောင့်ယှက်တားဆီးခြင်းများ ခံနေရကြောင်း၊ ယခုနှစ် သြဂုတ် ၃ ရက်တွင် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှ ရခိုင်မျိုးနွယ်စု မြိုတိုင်းရင်းသားခုနစ်ဦး သတ် ဖြတ်ခံခဲ့ရကြောင်း၊ အကြမ်းဖက်များ၏ ရည်ရွယ်ချက်မှာ ဒေသတွင်းမှ တိုင်းရင်းသားကျေးရွာများကို ဖယ်ရှားရန်ဖြစ်ကြောင်း ဦးခင် မောင်လတ်က အဆိုတင်သွင်းစဉ် ပြောကြားသည်။

မေယုဒေသသည် နယ်စပ်ဒေသဖြစ်ခြင်း၊ တိုင်းရင်းသားလူဦးရေ နည်းပါးခြင်း၊ နိုင်ငံတကာ ဖိအားများနှင့် ဆက်စပ်နေခြင်းကြောင့် အစိုးရပိုင်းက တိုင်းရင်းသားကျေးရွာများ၏ လုံခြုံရေးနှင့် စီးပွားရေးဝန်းကျင် တိုးတက်မှုရရှိရန် အကောင်အထည်ဖော်ခြင်း နှောင့်နှေးရသည်ဟု ယူဆကြောင်း၊ ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းများ မလုပ်နိုင်ခြင်းအပေါ် ဒေသခံများ၏ ယုံကြည်အားကိုးမှု ကျဆင်းနေကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက်ခံရ ပြီးနောက် ရခိုင်ပြည်နယ်လွှတ်တော်၏ စုံစမ်းရေးကော်မတီ အစီရင်ခံစာနှစ်စောင် ထုတ်ပြန်ပြီး တောင်းဆိုခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိသဖြင့် သိသာသော တိုးတက်မှုများရှိမလာခဲ့ဘဲ ယခုဆိုလျှင် ရသေ့တောင်မြို့နယ်အထဲသို့တိုင် ရောက်လာခဲ့ကြောင်း ဦးခင်မောင်လတ်က အဆိုတင်သွင်းစဉ် ပြောကြားသည်။

ဦးခင်မောင်လတ် တင်သွင်းသည့်အဆို နှင့်ပတ်သက်ပြီး ဆွေးနွေးမည့်ကိုယ်စားလှယ် များအနေဖြင့် သြဂုတ် ၉ ရက်တွင် အမျိုးသား လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

 

Most Read

Most Recent