အခွန်ကောက်ခံရာတွင် အခွန်စည်းဝိုင်းအတွင်း ထမ်းဆောင်နေသူများကိုသာ Awareness ပေးခြင်းများ လုပ်ဆောင်နေပြီး အခွန်မဆောင်သူများ လွတ်မြောက်နေကြောင်းနှင့် အခွန်စနစ်အပြင်မှ မထမ်းဆောင်သူများအား စည်းရုံးခြင်းနှင့် ဥပဒေကြောင်းအရ လုပ်ဆောင်သင့်ကြောင်း ဆွေးနွေး

အခွန်ကောက်ခံရာတွင် အခွန်စည်းဝိုင်းအတွင်း ထမ်းဆောင်နေသူများကိုသာ Awareness ပေးခြင်းများ လုပ်ဆောင်နေပြီး အခွန်မဆောင်သူများ လွတ်မြောက်နေကြောင်းနှင့် အခွန်စနစ်အပြင်မှ မထမ်းဆောင်သူများအား စည်းရုံးခြင်းနှင့် ဥပဒေကြောင်းအရ လုပ်ဆောင်သင့်ကြောင်း ဆွေးနွေး
Published 22 December 2017

ဒီဇင်ဘာ ၂၁ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် UMFCCI CFO Conference 2017 ပြုလုပ်နေစဉ်

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်ကြပ်မတ်ကောက်ခံရာတွင် အခွန်စည်းဝိုင်းအတွင်းမှ အခွန်ထမ်းဆောင်နေသူများကိုသာ Awareness နှင့် Compliance ဆွေးနွေးခြင်း လုပ်ဆောင်နေပြီး အခွန်စည်းဝိုင်းအပြင်မှ လွတ်နေသူများကို စည်းရုံးခြင်းနှင့် ဥပဒေကြောင်းအရ လုပ်ဆောင်ခြင်းများ လုပ်ဆောင်သင့်ကြောင်းနှင့် လက်ရှိအခွန်ရှောင်နေမှုများတွင် အခွန်စနစ်မပြည့်စုံခြင်းနှင့် ဖြစ်သင့်သည့်ပမာဏထက် များပြားနေခြင်းများရှိနေကြောင်း ဒီဇင်ဘာ ၂၁ ရက်က ကုန်သည်စက်မှု အသင်းချုပ်တွင်ဆွေးနွေးခဲ့သည့် UMFCCI CFO Conference 2017 တွင် ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်တို့က ပြောကြားသည်။

“အရေးအကြီးဆုံးတစ်ချက်က သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ အခွန်ရဲ့စည်းဝိုင်းအတွင်းမှာ ရောက်နေတဲ့သူတွေကို ပိုပြီးတော့ Awareness တွေ Compliance တွေပိုပြီးတော့ ဆောင်ရွက်နေသလိုပဲ။ အခွန်ရဲ့ စည်းဝိုင်းအပြင်ဘက်မှာ လွတ်နေတဲ့သူတွေရှိပါတယ်။ ဒါလည်း တော်တော်များများက ပြောပါတယ်။ ကျောင်းတက်တဲ့ကလေးကပိုပြီးတော့ အဆူခံရတယ်။ ကျောင်းပျက်တဲ့သူကတော့ ဘာမှမဖြစ်ဘူးဆိုတာမျိုးလို ဖြစ်နေပါတယ်။ ကုန်သည်စက်မှုအသင်း ချုပ်အနေနဲ့ကတော့ အမြဲတမ်း Level Playing Field ဆောင်ရွက်နေတာဖြစ်တဲ့အတွက်  Awareness တို့ Compliance တို့သည် အခွန်စည်းဝိုင်းအတွင်းမှာရှိနေတဲ့ သူတွေအတွက်ပဲဖြစ်နေပြီးတော့ အခွန်စနစ်အပြင်မှာ ရောက်နေတဲ့သူတွေကို ဘယ်လိုပုံစံနဲ့စည်းရုံးမလဲဆိုတာ လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ Law Enforcement တွေ လုပ်ဆောင်ဖို့လိုပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် အခွန်ကောက်ခံမှုများနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များအကြား ဝေဖန်မှုများရှိနေပြီး အမှန်တကယ် အခွန်ထမ်းဆောင်နေသူများအနေဖြင့် အခွန်ထမ်းများ ရရှိသင့်သည့် ခံစားခွင့်များ တွက်ချက်မပေးခြင်း၊ အခွန်ဌာနတစ်ခုနှင့် တစ်ခုအကြား အခွန်အခများနှင့် သက်သာခွင့်များ တွက်ချက်မှုအပေါ် နားလည်မှုကွာဟနေခြင်း၊ ထမ်းဆောင်ထားသည့် အခွန်များအတွက် ငွေဖြူဆိုင်ရာ အထောက်အထားများတွက် ချက်ထောက်ခံပေးမှုမရှိခြင်း၊ Tax Refund များ ပြန်လည်ပေးအပ်ရန် နှောင့်နှေးကြန့်ကြာနေခြင်း၊ ကုမ္ပဏီများမှ ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက် တင်ပြသည့် အသုံးစားရိတ်များကို များပြားသည်ဟုဆိုကာ လက်မခံခြင်းစသည့် အချက်များ ဖြစ်ပေါ်နေကြောင်း ဦးရဲမင်းအောင် အပါအဝင် လုပ်ငန်းရှင်များက ဝိုင်းဝန်းဆွေးနွေးသကဲ့သို့ Withholding Tax တွင်လည်း မထားရှိသင့်သည့် ကဏ္ဍများတွင်ပါ ကောက်ခံနေမှုများရှိနေကြောင်းနှင့် ကောက်ခံသင့်သည်ကဏ္ဍနှင့် မကောက်ခံသင့်သည့် ကဏ္ဍများ ခွဲခြားရန်လိုအပ်ကြောင်း  ဦးဇော်မင်းဝင်းက ပြောကြားသည်။

“အခု ကြားနေရတယ်။ အခွန်မပေးဘူးဆိုတာ။ အခွန်ရှောင်တယ်ဆိုတာကလည်း ရှောင်ချင်လို့ရှောင်တာ မဟုတ်ဘူး။ တချို့မှာ System က မပြည့်စုံတဲ့အပိုင်းတွေကြောင့် ရှိသလို ပေးသင့်ပေးထိုက်တဲ့ နှုန်းထားမဖြစ်တဲ့ အခါကျတော့ ပေးဖို့အခက်အခဲဖြစ်လို့ ရှောင်တယ်လို့တော့ပြောကြတယ်။ နိုင်ငံတော်သည် အခွန်အခနဲ့ တိုင်းပြည်ထူထောင် ရမယ်ဆိုတော့ ကျွန်တော်တို့အားလုံးက အခွန်ပေးရမယ့် တာဝန်ရှိတယ်။ ပေးချင်ကြတဲ့  သူတွေချည်းပဲလို့ ကျွန်တော်ယူဆပါတယ်” ဟု ဦးဇော်မင်းဝင်းက ဆိုသည်။

ပြီးခဲ့သည့်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန်ရငွေမှာ ကျပ် ၇၁၂၂ ဘီလျံဖြင့် ဘဏ္ဍာနှစ်ခြောက်နှစ်အတွင်း အများဆုံးရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အခွန်ရရှိမှုမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံဖြင့် အခွန်ရရှိမှု အနည်းဆုံးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၇၁၂၂ ဘီလျံဖြင့် အများဆုံး ဖြစ်ခဲ့သည်။

လက်ရှိအစိုးရ၏၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် အခွန်ရရှိမှုတိုးတက်လာခြင်းမှာ အထူးကုန်စည်ခွန်နှင့် ဖုန်းခွန်များကြောင့်ဖြစ်ပြီး အထူးကုန်စည်ခွန်မှာ ကျပ် ၉၉၄ ဘီလျံနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုအခွန်မှာ ကျပ် ဘီလျံ ၅၃၀ အထိရရှိခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု၏ ရငွေတွင်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၁၇ ထရီလျံခန့်ဖြင့် အများဆုံးရရှိထားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆ ဒသမ ၂ ထရီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆ ဒသမ ၅ ထရီလျံအထိ ရရှိခဲ့ကာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၆၀၀၀ ကျော်ဖြင့် အနည်းဆုံး ဖြစ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်ရငွေကို ကျပ် ၆၄၈၁ ဘီလျံရရှိရန် ခန့်မှန်းထားသော်လည်း လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် အခွန်ကောက်ခံရရှိမှုမှာ လျာထားချက်၏ ရာခိုင်နှုန်း ၃၀ ကျော်သာရှိနေကြောင်း သိရသည်။

Most Read

Most Recent