(၁၀) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်၏ ဓါတ်ပုံဇာတ်လမ်းဆုရရှိသူများ ရွေးချယ်ပွဲပြုလုပ်ခဲ့ပြီး အမျိုးသမီးဓါတ်ပုံပညာရှင်နှစ်ဦးဖြစ်သည့် Seng Mai နှင့် ဆုဆုမွန်တို့က ပြိုင်ပွဲ၏ ပထမဆုများကို ဆွတ်ခူးရရှိ

(၁၀) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်၏ ဓါတ်ပုံဇာတ်လမ်းဆုရရှိသူများ ရွေးချယ်ပွဲပြုလုပ်ခဲ့ပြီး အမျိုးသမီးဓါတ်ပုံပညာရှင်နှစ်ဦးဖြစ်သည့် Seng Mai နှင့် ဆုဆုမွန်တို့က ပြိုင်ပွဲ၏ ပထမဆုများကို ဆွတ်ခူးရရှိ
Published 25 February 2018

(၁၀) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်၏ ဓါတ်ပုံဇာတ်လမ်းဆု ရွေးချယ်ချီးမြှင့်ပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ပြုလုပ်ခဲ့ပြီး မြန်မာအမျိုးသမီး ဓါတ်ပုံပညာနှစ်ဦးဖြစ်သည့် Seng Mai နှင့် ဆုဆုမွန်တို့က ပညာရှင်အဆင့်နှင့် တက်သစ်စအဆင့်ပြိုင်ပွဲ၏ ပထမဆုများကို အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

(၁၀) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်၏ ဓာတ်ပုံဇာတ်လမ်းပြိုင်ပွဲကို နှစ်စဉ်ကျင်းပနေကျပုံစံအတိုင်း ပညာရှင်နှင့် တက်သစ်စဟူ၍ အဆင့်နှစ်ခုခွဲကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဓါတ်ပုံဆရာများစွာတို့က ၎င်းတို့ရိုက်ကူးထားသည့် ဓာတ်ပုံဇာတ်လမ်းကောင်းများစွာတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ယင်းဓာတ်ပုံဇာတ်လမ်းပြိုင်ပွဲ၏ ဆုများကို နိုင်ငံတကာမှ ပညာရှင်များပါဝင်သည့် ဒိုင်လူကြီးများအဖွဲ့က ရွေးချယ်ခဲ့ပြီး ပညာရှင်အဆင့်ပြိုင်ပွဲ၏ ပထမဆုကို Seng Mai က I Feel Safe ဓါတ်ပုံဇာတ်လမ်းဖြင့် ရရှိခဲ့ပြီး သူမသည် ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်တွင်လည်း The Trap ဓာတ်ပုံဇာတ်လမ်းဖြင့် တက်သစ်စအဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ (၁၀) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်၏ ဓါတ်ပုံဇာတ်လမ်းပြိုင်ပွဲ၏ တက်သစ်စအဆင့် ပထမဆုကို မြန်မာအမျိုးသမီးဓါတ်ပုံဆရာ ဆုဆုမွန်က I am capable ဓာတ်ပုံဇာတ်လမ်းဖြင့် ရရှိခဲ့ပြီး ဉာဏ်ဇေထက်၊ ပြေကျော်အောင်၊ နိုရာ၊ ညီမျိုးစက် စသည့် ဓါတ်ပုံပညာရှင်များက ပြိုင်ပွဲမှ ရွေးချယ်ချီးမြှင့်သည့် အခြားသောဆုများကို ရရှိခဲ့ကြောင်း သိရသည်။

(၁၀) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်၏ ဓါတ်ပုံဇာတ်လမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ပြုလုပ်မည့် ကမ္ဘာ့သတင်းဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှုင့်ပွဲကို တက်ရောက်ခွင့်နှင့် ကင်နွန်ပရော်ဖက်ရှင်နယ် ကင်မရာများအား ဆုများအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၄ ရက်ထိ မဟာဗန္ဒုလပန်းခြံတွင် ပြုလုပ်လျှက်ရှိပြီး ကမ္ဘာ့သတင်းဓါတ်ပုံဆုရပုံများ၊ ၁၉၈၀ ပြည့်နှစ်လွန်များက ဓါတ်ပုံပညာရှင်ကြီး ဦးဆန်းအောင် ရိုက်ကူးခဲ့သည့် အနုပညာရှင်များ၏ အလှဓာတ်ပုံများ အပါအဝင် အခြားသော နိုင်ငံတကာမှ ဓါတ်ပုံပညာရှင်များ ရိုက်ကူးထားသည့် ဓါတ်ပုံများစွာတို့ကို ပြသထားကြောင်း သိရသည်။

Most Read

Most Recent