ဘာလင်ရုပ်ရှင်ပွဲတော်၌ ဝက်စ်အန်ဒါဆင်နှင့် နော်ဝေအစုလိုက် အပြုံလိုက်သတ်ပွဲရုပ်ရှင်တို့က ဦးဆောင်နေ

ဘာလင်ရုပ်ရှင်ပွဲတော်၌ ဝက်စ်အန်ဒါဆင်နှင့် နော်ဝေအစုလိုက် အပြုံလိုက်သတ်ပွဲရုပ်ရှင်တို့က ဦးဆောင်နေ
Published 25 February 2018

နိုင်ငံရေးအကြောင်းအရာများပါသော ဝက်စ်အန်ဒါဆင်၏ အန်နီမေးရှင်းရုပ်ရှင် Isle of Dogs နှင့် ၂၀၁၁ ခုနှစ်တွင် နာဇီထောက်ခံသူတစ်ဦးက ဆယ်ကျော်သက် အများအပြားကို အစုလိုက်အပြုံလိုက် သတ်ခဲ့သည့်အကြောင်း ရိုက်ကူးထားသော အငြင်းပွားဖွယ် ဒရာမာရုပ်ရှင်တို့သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ဘာလင်ရုပ်ရှင်ပွဲတော်၌ ဆုရရှိမည့်ကားများစာရင်းတွင် ဦးဆောင်နေသည်။

Berlinale ရုပ်ရှင်ပွဲတော်သည် နှစ်တစ်နှစ်တွင် ပထမဆုံးစတင်ကျင်းပသည့် အရေးပါသော ဥရောပရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည့် အခမ်းအနားတွင်မူ လူအများက အငမ်းမရ လိုချင်နေကြသော  Golden Bear နှင့်  Silver Bear ဆုများကို ချီးမြှင့်မည်ဖြစ်သည်။ ဂျာမန် ဒါရိုက်တာတွမ်တာကွာ ဦးဆောင်သည့် ဘာလင်ရုပ်ရှင်ပွဲတော်၏ ဒိုင်ခြောက်ဦးသည် ကမ္ဘာတစ်ဝန်းမှ ယှဉ်ပြိုင်သူ ၁၉ ဦးအနက်မှ ဆုရရှိသူတို့ကို ရွေးချယ်ပေးရမည် ဖြစ်သည်။

အန်ဒါဆင်၏ Isle of Dogs ကို ဖေဖော်ဝါရီ ၁၅ ရက်က ရုပ်ရှင်ပွဲတော်၏ အဖွင့်တွင် စတင်ပြသခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ၏ အားပေးနှစ်ခြိုက်မှုများကိုရရှိခဲ့သည်။ ဇာတ်လမ်းမှာ  မြို့တော်ဝန်က အကြောက်တရားဖြင့် အုပ်ချုပ်ပြီး အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နေသော စိတ်ကူးယဉ်ထားသည့် ဂျပန်မြို့တစ်မြို့မှ နှင်ထုတ်ခံရသော ခွေးတစ်စုအကြောင်း ဖြစ်သည်။ ထိုခွေးများနေရာ၌ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များက နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ထားကြသည်။

ဂေဟဗေဒအကြောင်း၊ တစ်ယူသန်မှုကို ဆန့်ကျင်ခြင်းအကြောင်းများပါဝင်ပြီး မတုပနိုင်သော တီထွင်ဆန်းသစ်မှုများကို ပြသထားသည့်   Isle of Dogs သည် အလွန်နှစ်လိုဖွယ်ကောင်းသည်ဟု ဗြိတိန်မှ  Guardian သတင်းစာက သုံးသပ်ထားခဲ့သည်။ Berlinale ရုပ်ရှင်ပွဲတော်မှ နိုင်ငံတကာ ရုပ်ရှင်ဝေဖန်သူများ၏ စစ်တမ်းတွင်လည်း ၎င်းရုပ်ရှင်က အပြုသဘောဖြင့် ဦးဆောင်လျက်ရှိသည်။

နော်ဝေကျွန်း အူတိုယာတွင် လက်ယာစွန်းရောက် စစ်သွေးကြွ အန်ဒါးစ်ဘရီဗစ်သည် ဆယ်ကျော်သက်လူငယ် ၆၉ ဦးကို သတ်ခဲ့သည့်အကြောင်းအား ရိုက်ကူးထားသည့်  U-July 22 ဒရာမာရုပ်ရှင်သည်လည်း ရုပ်ရှင်ဝေဖန်သူများကို အကြိုက်တွေ့စေခဲ့သည်။ ၇၂ မိနစ်သာကြာသော ကျောချမ်းဖွယ် ထိုရုပ်ရှင်သည် ဇာတ်ကောင်များဖြင့် ထိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြီးအကြောင်းကို ပြန်လည်ပြသထားခြင်း ဖြစ်သည်။

သို့သော် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နော်ဝေ၏ ဝမ်းနည်းဖွယ်အကောင်းဆုံးဖြစ်စဉ်ကြီးကို ပိတ်ကားပေါ်တင်သည်မှာ စောလွန်းသည်ဟု ဝေဖန်ခဲ့ကြပြီး အချို့ကလည်း ထိုရုပ်ရှင်သည် မဖြစ်မနေလိုအပ်သည်ဟူ၍ ပြောနေကြကာ ကြည့်ရှုသူများကြားတွင် အငြင်းပွားစရာများ ဖြစ်ပေါ်စေခဲ့သည်။

Most Read

Most Recent