ပရိသတ်များ ထပ်မံဂုဏ်ယူခွင့်ရရန် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုရယူမည်ဟု အောင်လအန်ဆန် ပြောကြား

ပရိသတ်များ ထပ်မံဂုဏ်ယူခွင့်ရရန် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုရယူမည်ဟု အောင်လအန်ဆန် ပြောကြား
Published 21 February 2018

မြန်မာ MMA ကစားသမား အောင်လအန်ဆန်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲတွင် ချန်ပီယံဆုထပ်မံရယူပြီး မြန်မာပရိသတ်များ ဂုဏ်ယူခွင့်ရစေမည်ဖြစ်ကြောင်း ပြောကြားသည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် Quest For Gold ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်က Rose Garden ဟိုတယ်၌ ကျင်းပရာ အောင်လအန်ဆန်နှင့်အတူ အလက်ဇန္ဒားမာချာဒို၊ ဖိုးသော်နှင့် ဆိုဆေးတို့ တက်ရောက်ခဲ့သည်။

အောင်လအန်ဆန်က “ဒီပြိုင်ပွဲအတွက် အချိန်ယူပြီး လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ပြိုင်ဘက်ကစားသမားက ဂျူဂျစ်ဆုကစားနည်းမှာ ကျွမ်းကျင်တဲ့အတွက် ဖလော်ရီဒါအထိသွားပြီး လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ဒီပွဲမှာ အနိုင်ရဖို့ မိသားစုနဲ့ခွဲပြီး လေ့ကျင့်ထားတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမရည်မှန်းချက်ဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့ပြီဖြစ်တာကြောင့် နောက်ထပ်ရည်မှန်းချက်ဖြစ်တဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုရဖို့ ကြိုးပမ်းနေပါတယ်။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ အန်ဂယ်လာနီနဲ့ပွဲမှာ နှစ်ချီအတွင်း အနိုင်ရမယ်လို့ ကြိုပြောနိုင်ပေမယ့် ဒီပွဲကတော့ ပြိုင်ဘက်ကစားသမားရဲ့ အနေအထားကြောင့် ကြိုပြောဖို့ခက်ပါတယ်။ သူ့ရဲ့အားနည်း၊ အားသာချက်ကို လေ့လာထားပေမယ့် ပြိုင်ပွဲရောက်မှ အနိုင်ယူရမယ့် နည်းဗျူဟာကို ရှာဖွေပြီးထိုးသတ်ရမှာပါ။ အနိုင်ရမယ်လို့တော့ အပြည့်အ၀ ယုံကြည်ပါတယ်။ လက်ရှိအနေအထားမှာ ကိုယ့်ကိုယ်ကိုယ်အားရသလို ပြိုင်ပွဲထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မြန်မာပရိသတ်တွေအတွက် နောက်ထပ် ဂုဏ်ယူစရာ အခိုက်အတန့်ကို ထပ်မံဖန်တီးပေးချင်ပါတယ်။ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ဆုရယူပြီး ပရိသတ်တွေကို ဂုဏ်ယူခွင့်ရအောင် ကြိုးစားမှာပါ” ဟု ပြောကြားသည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ခုနစ်လကျော်အကြာတွင် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုအတွက် ထပ်မံထိုးသတ်ခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် မာချာဒိုတို့၏ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ ပါဝင်မည့် Quest For Gold ပြိုင်ပွဲကို တယ်လီနောက ပံ့ပိုးကူညီထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent