နယ်လှည့်ဆေးကုပေးသည် ဟုဆိုကာ မြိတ်မြို့နယ် တညက်ကျေးရွာမှ ရွှေထည်များ လိမ်လည်သွားသည့် ဗိန္ဒောဆရာ အတုအား ဖမ်းဆီးရမိ

နယ်လှည့်ဆေးကုပေးသည် ဟုဆိုကာ မြိတ်မြို့နယ် တညက်ကျေးရွာမှ ရွှေထည်များ လိမ်လည်သွားသည့် ဗိန္ဒောဆရာ အတုအား ဖမ်းဆီးရမိ
Published 27 May 2018

နယ်လှည့်ဆေးကုပေးသည် ဟုဆိုကာ မြိတ်မြို့နယ် တညက်ကျေးရွာမှ ရွှေထည်များ လိမ်လည်သွားသည့် ဗိန္ဒောဆရာ အတုအား ရဲတပ်ဖွဲ့ဝင်များက မေ ၂၅ ရက်တွင် ပလမြို့တိုရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် ပုလောမြို့နယ် ပလမြို့တိုရွာ မှ ဗိန္ဒောဆရာ အယောင်ဆောင် မင်းမင်းစိုး ၄၂ နှစ် (ဘ) ဦးစိုးမြင့် ဆိုသူမှာ မြိတ်မြို့နယ် တညက်ကျေးရွာသို့ မေ ၂၂ ရက် နံနက်ပိုင်းက ရောက်ရှိလာပြီး ဆန်မန်းဖြင့် ဆေးကုသပေးမည် ဟုဆိုကာ ရွှေထည်များ လိမ်လည်သွားခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အား အလယ်တန်းပြ ဆရာမတစ်ဦးက မသင်္ကာသဖြင့် သွားရောက် ကြည့်စစ်ဆေးရာမှ လိမ်လည်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နယ်လှည့်ပြီး ဆေးလိုက်ကုပေးတယ်လို့ ပြောတယ်။ ဒူးနာနေတဲ့သူတွေ ရှိသလားလို့မေးတယ်။ ဦးဘတုတ်က ဒူးနာနေတဲ့သူကို ခေါ်ပေးလိုက် ပထမတော့ နှိပ်ပေးမယ်ထင် တယ်။ ဒါပေမဲ့ မနှိပ်ပေးဘဲနဲ့ ဒါက လူလုပ်ထားတယ် (အပမှီ) ရွှေရည်စိမ်ပြီး ပေးသောက်ရမယ်ဆိုပြီး ရွှေပုတီးကို တောင်းလိုက်တယ် ပြီးတော့ ရေစိမ်ပြီး ပေးသောက်တယ်။ နောက်ထပ်ရောဂါကုသမား တစ်ယောက်က မသီတာလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးရဲ့သမီးလေးပါ။ အသက် ငါးနှစ်ပြည့်နေပေမယ့် နှုတ်ထိုင်းနေတယ် စကားပြောတာ ထစ်နေတယ်။ အဲဒီသမီးလေးကို နဂါးသိုက်က လာတယ်ဆိုပြီး ရွှေရည်စိမ် သောက်ရမယ်လို့ ပြောတယ်။ အဲဒီတော့ မသီတာက သူ့လည်ပင်းမှာရှိတဲ့ ရွှေပုတီး တစ်ကျပ်ကျော်ကျော်လေးကို ဖြုတ်ပြီး ဗိန္ဒောဆရာကို ပေးလိုက်တယ်။ ဦးဘတုတ်ကလည်း သူတို့အိမ်က ရွှေ ၇ ဒသမ ၆ ဂရမ် (ငါးမူးသား) ကိုပေးလိုက်တယ်။ ဒါကိုလည်း ရေထဲမှာစိမ်ပြီး ပေးသောက်လိုက်တယ်။ အဲဒီရွှေတွေကို ကာယကံရှင်တွေကို ပြန်မပေးဘဲနဲ့ ဆန်ကို ထပ်တောင်းတယ်။ နို့စည်ဗူး ကိုးဗူး (တစ်ပြည်ကျော်) ရှိတဲ့ဆန်ထဲကို အခုနက ရွှေတစ်ကျပ်ကျော်နှင့် ငါးမူးသား ရွှေတွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး မြှုပ်လိုက်တယ်။ ဒီအထုပ်ထဲမှာ ဘာတွေထည့်ထားလဲ ဆိုတာကို ဘယ်သူ့မှ မပြောနဲ့။ ဒါကိုညနေ ၃ ကျော်မှ ဖြည်ရမယ်လို့ ပြောတယ်ပြီးတော့ သူက ပြန်သွားတယ်။ ရွာကလူတွေ မဖြည်ရဲဘူး။ ဒါကို ကျွန်မက မယုံတဲ့အတွက် ဒီအထဲမှာ မရှိနိုင်တော့ဘူး။ တကယ်လည်း ဖြည်ကြည့်တော့ အထဲမှာ ရွှေတွေ မရှိတော့ဘူး။ အဲဒါမှ ကျွန်မတို့က တရားခံနောက်ကို လိုက်တယ်။ မိနစ် ၂၀ လောက်ကြာမှ လိုက်တယ်ဆိုတော့ မမိလိုက်ဘူး” လို့ ဆန်မန်းထုပ်အား သွားရောက် ဖြည်ကြည့်သူ ဒေါ်စန္ဒာစိုး (အလယ်တန်းပြ- တညက်ကျေးရွာ) က ပြောကြားသည်။ အဆိုပါ ဖြစ်စဉ်အား ရွာသားများက လိုက်လံစုံစမ်းရာ တပိုရွာတွင် ယခုကဲ့သို့ လိုက်လံလိမ်လည်နေသူတစ်ဦး ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များကို တိုင်တန်းခဲ့ရာ မေ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မေ ၂၅ ရက်မှာ ပလရဲကင်းမှူး ဒုရဲအုပ် ထက်အောင်ရွှေ ဦးဆောင်တဲ့အဖွဲ့က အဲဒီဗိန္ဒောဆရာ နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တာပါ။ ပုလောမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။ အခုကျွန်တော်တို့ တရားခံကို သွားရောက်ခေါ်ယူပြီး တောင်ရှည်နယ်မြေ ရဲစခန်းမှာ အမှုဖွင့် အရေးယူမှာပါ။ တညက်ရွာမှာ နှစ်ဦးအလိမ်ခံလိုက်ရတယ်။ ကိုလေးလုံးရှမ်းရွှေ ၇ ဒသမ ၆ ဂ၇မ်နှင့် ၁၆ ဒသမ ၅၅ ဂရမ် အလိမ်ခံလိုက်ရတာပါ” လို့ တောင်ရှည်နယ်မြေရဲစခန်းမှူး ရဲအုပ်အေးနိုင်က ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆေးဆရာ အယောင်ဆောင်ကာ ရွှေထည်များ လိမ်ယူသွားသည့် မင်းမင်းစိုး ၄၂ နှစ် (ဘ) ဦးစိုးမြင့် ပလမြို့တိုရွာနေသူအား တောင်ရှည်နယ်မြေ ရဲစခန်းမှ ( ပ ) ၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent