ယခင်နှစ်က ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ငါးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်သို့ နယ်စပ်မှ ဆန်တင်ပို့မှု အခြေအနေ ကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဟုဆို

ယခင်နှစ်က ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ငါးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်သို့ နယ်စပ်မှ ဆန်တင်ပို့မှု အခြေအနေ ကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဟုဆို
Published 4 June 2018

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ဆန်တင်ပို့ အများဆုံး ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှု အခြေအနေ ကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“အဓိကတော့ ပင်လယ်ရေကြောင်းက တင်ပို့မှုက ပုံမှန်ပဲ။ လျော့သွားမှာ မဟုတ်ဘူး။ နယ်စပ်ကိုတော့ နည်းနည်းစိုးရိမ်တယ်။ တရုတ်ပြည်ရဲ့အခြေအနေရော သူ့နိုင်ငံရဲ့ Minimum Support Price ပေါ်မှာ မူတည်ပြီးတော့ နည်းနည်းလေး လျော့နိုင်မလား တိုးနိုင်မလား။ အဲဒီအပေါ်မှာ အခြေခံနေတဲ့အတွက် နယ်စပ်ကိုတော့ အရမ်းကြီးပြောလို့ မရသေးဘူး။ ပင်လယ်ရေကြောင်းကတော့ ဒီအတိုင်းကို ဆက်လက်ပြီး သွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်တိုးတက်လာခဲ့ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော်အထိ စံချိန်တင်ပို့နိုင်မှုမှဝင်ငွေ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံ ရရှိခဲ့သည်။ ယင်းတင်ပို့မှုအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့ နိုင်ငံများ၏ အဆင့် (၁) မှ အဆင့် (၅) အတွင်း စာရင်းဝင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ  သိရသည်။

တရုတ်နိုင်ငံအနေဖြင့် MSP (Minimum Support Price) ကို လျှော့ချလိုက်သောကြောင့် ဧပြီနှင့် မေ နှစ်လအတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ဆန်တင်ပို့မှု ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“ပင်လယ်ရေကြောင်းကတော့ ပုံမှန်ပါပဲ။ သင်္ဘောနဲ့ တင်ပို့မှု၊ ကုန်တိန်နာနဲ့ တင်ပို့မှုကတော့ ပုံမှန်ရှိပါတယ်။ ဒီဧပြီနဲ့မေ နှစ်လ နယ်စပ်ကနေ တင်ပို့မှု နည်းနည်းလေး လျော့သွားတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်မှာ သူရဲ့ Minimum Support Price ကို လျှော့ချလိုက်တဲ့အတွက် နောက်ပြီး သူ့ရဲ့အရန်ဆန်တွေလည်း အများကြီးရှိတယ်။ ဒါတွေကို ရောင်းချင်တယ်။ Minimum Support Price ကိုလည်း လျှော့ချလိုက်တဲ့အတွက် မြန်မာပြည်ကနေ ဆန်တွေဝယ်တာ တော်တော်လေး လျော့သွားတယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း (သို့မဟုတ်) တန်ချိန်နှစ်သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အစိုးရချင်း သဘောတူညီမှု (GtoG) စာချုပ် ချုပ်ဆိုပြီး ထပ်မံဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေ ၁၁ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ၂ ဒသမ ၇ သိန်း ကျော် (တန် ၂၇၈၉၆၃ ဒသမ ၁၆၀) ရှိပြီး တန်ဖိုးဒေါ်လာ ၉၆ သန်းကျော် (၉၆ ဒသမ ၇၅၂  သန်း) ရရှိခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လကျော် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၁၄၄၀၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၆၄၅၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent