ပဲတီစိမ်း အဓိကတင်ပို့နေသော ဥရောပဈေးကွက်အပြင် တရုတ်နိုင်ငံက ဝယ်လိုအားကောင်းနေသဖြင့် ပြည်တွင်း၌ ပဲတီစိမ်း ဈေးကောင်းရနေဟုဆို

ပဲတီစိမ်း အဓိကတင်ပို့နေသော ဥရောပဈေးကွက်အပြင် တရုတ်နိုင်ငံက ဝယ်လိုအားကောင်းနေသဖြင့် ပြည်တွင်း၌ ပဲတီစိမ်း ဈေးကောင်းရနေဟုဆို
Published 17 March 2018

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲစိုက်တောင်သူများ ပဲသိမ်းနေမှုကို တွေ့ရစဉ်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲတီစိမ်းကို အဓိကတင်ပို့နေသော ဈေးကွက်ဖြစ်သည့် ဥရောပအပြင် တရုတ်နိုင်ငံတို့မှ ဝယ်လိုအားကောင်းနေသဖြင့် ပဲတီစိမ်းဈေးနှုန်းများ ကောင်းနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

“ပဲတီစိမ်းကတော့ တရုတ်ဘက်က အဝယ်ကောင်းတာရော နောက်ဥရောပဘက်က အမာခံတွေနဲ့ဆိုတော့ ပဲတီစိမ်းကတော့ ဈေးကောင်းပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ခရမ်းရွှေဝါပဲတီစိမ်း သုံးတင်းတစ်အိတ် (အချိန် ၆၀) ကို ကျပ် ၁၁၅,၀၀၀ အထိရှိကြောင်း၊ ခရမ်းရွှေဝါပဲတီစိမ်း တစ်တန်ကို ၁၁ သန်းခွဲခန့်အထိရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲတီစိမ်းများကို ဥရောပနိုင်ငံများအနေဖြင့် ပဲပင်ပေါက် ဖောက်စားရန် ဝယ်ယူခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဝယ်ယူရာတွင် အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်သော ပဲတီစိမ်းကိုသာ ဝယ်ယူပြီး ဒေသတွင်းနိုင်ငံများထက် ဈေးနှုန်းပိုမိုရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တရုတ်နိုင်ငံဘက်မှ ကုန်သည်များသည် မန္တလေးတိုင်းအထိ ဆင်းဝယ်ကြောင်း ယင်းကဲ့သို့ ဝယ်ယူရာတွင် အရည်အသွေး စံချိန်စံညွှန်းအားလုံးကို ဝယ်ယူပြီး အရည်အသွေးပေါ် မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရမ်းနှင့် သုံးခွမြို့နယ်များ၌ အဓိက အများဆုံး စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂနိုင်ငံများ ပူးပေါင်းပြီး ဥရောပ စံချိန်စံညွှန်းများဖြင့် ပဲတီစိမ်းကို ကန်ထရိုက်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အဓိကတင်ပို့နေခြင်း ဖြစ်ကြောင်း၊ ပဲတီစိမ်းကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး မတ်ပဲနှင့် ပဲစင်းငုံနှစ်မျိုးကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ၁၁ လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၂ ရက် အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် တန်ချိန် ၁ ဒသမ၂ သန်းကျော်ရှိပြီး တန်ဖိုး ဒေါ်လာ ၈၀၇ သန်းအထိရရှိထားကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန စာရင်းများအရ သိရ သည်။

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၀၉ သန်း တင်ပို့ထားကာ ဝင်ငွေ ဒေါ်လာ ၇၇၄ သန်းနီးပါးသာ ရရှိခဲ့သည်။

ဇန်နဝါရီ ၁၉ ရက်မှ မတ် ၂ ရက်အထိ တစ်လကျော်အတွင်း တန်ချိန်တစ်သိန်းကျော် တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာ ၃၃ သန်း အထိ ရရှိထားခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။

Most Read

Most Recent