ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်းတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံ ခုနစ်ရုံရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည်

ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်းတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံ ခုနစ်ရုံရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည်
Published 31 January 2018

မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်း လုပ်ငန်းခွင်ကို တွေ့ရစဉ်

မြေဧက တစ်သောင်းကျော်တွင် ဘီလျံ ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေသည့် မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း၌ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံခုနစ်ရုံ ရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည် ဖြစ်ကြောင်း မြို့သာစက်မှု ဥယျာဉ်စီမံကိန်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခံ ဧရာဝတီဆိပ်ကမ်း စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင် ကုမ္ပဏီအဖြစ် အစုရှယ်ယာများ ရောင်းချပေးခဲ့ကာ လက်ရှိအချိန်တွင် အစုရှယ်ယာ ၁၃ သန်းကျော် ရောင်းချထားပြီး ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းက ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်က လက်ရှိအချိန်ထိ တော်တော်လေးကို နည်းသေးတယ်။ ပြည်ပကတော့ ၁၀ နိုင်ငံ ၁၁ နိုင်ငံလောက်ရှိပြီ။ ၂၀၁၈ မကုန်ခင် လောက်ဆို စက်ရုံပေါင်း ၁၀၀ အထက်မှာ လည်ပတ်နိုင်ဖို့ရှိတယ်။ ကားစက်ရုံတွေပါမယ်။ အထည်ချုပ်စက်ရုံတွေ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ၊ ဖိနပ်စက်ရုံတွေ စသဖြင့် တော်တော်များပါတယ်။ ဒီစက်မှုဥယျာဉ်ထဲမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းတဲ့ ပြည်ပလုပ်ငန်းတွေက နေ့စဉ်ရှိနေပြီး လေ့လာမှုတွေ ရှိနေပါပြီ။ ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်ထိ ပွင့်မလဲဆိုတာ စောင့်နေကြတာပါတာပေါ့။ အခုလောလောဆယ်မှာတော့ သြဂုတ်လလောက်ဆိုရင် စက်ရုံပေါင်း အလုံး  ၃၀ လောက် ပေါ်ထွက်လာတော့မှာပါ။ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဘီလျံ ၁၅၄ လောက်ရှိပြီး ပေးစရာရှိတဲ့ အကြွေးတွေ နှုတ်လိုက်လို့ရှိရင် ဘီလျံ ၁၃၀ ကျော် ရှိပါတယ်” ဟု ဦးအောင် ဝင်းခိုင်က ပြောကြားသည်။

“လည်ပတ်နေတဲ့ စက်ရုံ ခုနစ်ရုံရှိပါပြီ။ တည်ဆောက်ဆဲ အဆင့်မှာတော့ စက်ရုံ ၃၀ လောက်ရှိပါမယ်။ အဲ့ဒါကတော့ ဘယ်လိုစက်ရုံ အမျိုးအစားတွေ လာမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ ထပ်ဝင်လာဖို့ စာချုပ်ချုပ်ဆိုထားပြီး ဒီဇိုင်းဆွဲနေတဲ့ စက်ရုံတွေနဲ့ စိတ်ဝင်စားကြောင်း ပြသတဲ့ နိုင်ငံ ၁၀ နိုင်ငံလောက် ရှိပါတယ်။ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ နယ်သာလန်၊ ဟောင်ကောင်၊ သြစတြေးလျနဲ့ အာရှနိုင်ငံတွေပါ ပါတယ်။ အခုလပိုင်းအတွင်း စတင်တည်ဆောက်မယ့် စက်ရုံတွေက ဂျပန်နိုင်ငံကနေ လာရောက် ရင်းနှီးမြှုပ်နှံမယ့် အမှိုက်ကနေ တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်မယ့် စက်ရုံ၊ ကားပစ္စည်း တပ်ဆင်မယ့် စက်ရုံ၊ ဖိနပ်တို့၊ အိတ်တို့ ချုပ်လုပ်မယ့် စက်ရုံတွေ ရှိပါတယ်။ အဲ့ဒီစက်ရုံကတော့ ၁၀၀ ရာနှုန်း Export ဖြစ်မှာပါ။ ဆိုလိုတာကတော့ ဒီမှာထုတ်လုပ်ပြီး အခြားနိုင်ငံက နာမည်ရှိပြီးသား တံဆိပ်တွေကို ပြန်သွင်းမှာပါ” ဟု မြို့သာစက်မှု ဥယျာဉ်စီမံကိန်း မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

“လတ်တလောမှာ ၁၀၀ ရာနှုန်း ရင်းနှီးမြှုပ်နှံထားတဲ့ အင်ဒိုနီးရှားက JAPFA အစာစပ်စက်ရုံက ၂၀၁၅ ခုနှစ်ကတည်းက စတင်လည်ပတ်နေပြီး အခုထပ်တိုးအနေနဲ့ မြေဧက ၅၂ ဧကမှာ အလုပ်ရုံ ၁၂ ရုံ တည်ဆောက်နေတယ်။ အဲဒီစက်ရုံတွေက မေ၊ ဇွန်လောက်မှာ ပြီးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ရုံကတော့ ဟောင်ကောင်ကနေ ၁၀၀ ရာနှုန်းလည်ပတ်နေတဲ့ သစ်ပါးလွှာ စက်ရုံပါ။ လုပ်ငန်းလည်ပတ်နေတာ နှစ်နှစ်ရှိပါပြီ။ နောက်ထပ်ကတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်နဲ့ မြန်မာနိုင်ငံသား ဖက်စပ်လုပ်ကိုင်နေတဲ့ ဘီစကစ်စက်ရုံ ရှိပါတယ်။ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကွန်ကရစ်ဓာတ်တိုင် စက်ရုံလည်းရှိပြီး အခုနောက်ဆုံး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြေဧက ၃၁၃ ဧကပေါ်မှာ ဒေါ်လာ ၃၉၉ သန်း ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတစ်ခု ဝင်လာပါပြီ” ဟု ဒေါက်တာထွန်းထွန်းအောင်က ဆက်လက် ပြောကြားသည်။

အဆိုပါ မန္တလေးမြို့သာ စက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံသည့် စက်ရုံအလုပ်ရုံများမှာ အခွန်ကောက်ခံမှု ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိထားပြီး လတ်တလောတွင် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံဝင်ရောက်မှု နည်းပါးနေသေးသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၆၄ ဘီလျံနှင့် စီမံကိန်းမြေ ရောင်းချရမှုမှာ ၂၅ ဒသမ ၅၆ ဘီလျံသာ ရှိသေးကြောင်း မြို့သာစက်မှုဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် ၂၀၁၆-၁၇ နှစ်ပတ်လည် စာရင်းများတွင် ဖော်ပြထားသည်။

 

Most Read

Most Recent