နိုင်ငံ့အတွက် ရလဒ်ကောင်းများ ယူဆောင်မပေးနိုင်ခြင်းနှင့် စီးပွားရေး တွက်ခြေမကိုက်သဖြင့် ရပ်ဆိုင်းထားသည့် စက်ရုံများအနက် မြင်းခြံ သံမဏိစက်ရုံကို ဦးစားပေး ကြိုတင်လေ့လာနေ

နိုင်ငံ့အတွက် ရလဒ်ကောင်းများ ယူဆောင်မပေးနိုင်ခြင်းနှင့် စီးပွားရေး တွက်ခြေမကိုက်သဖြင့် ရပ်ဆိုင်းထားသည့် စက်ရုံများအနက် မြင်းခြံ သံမဏိစက်ရုံကို ဦးစားပေး ကြိုတင်လေ့လာနေ
Published 11 August 2017

စီမံဘဏ္ဍာ/စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ မြင်းခြံသံမဏိစက်ရုံသို့ သွားရောက်လေ့လာနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-MOPF)

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ ဆောင်ယူပေးနိုင်မှု မရှိခြင်းနှင့် စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိသဖြင့် ပြန်လည်သုံးသပ်နိုင်ရန် စီမံကိန်း ၄၄ ခုကို လတ်တလော ရပ်ဆိုင်းထားရေး ဆွေးနွေးရာ၌  ၁၁ ခုကို ဝန်ကြီးဌာနမှ တာဝန်ခံသဖြင့် ဆက်လက် လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ကျန်သည့် ၃၃ ခုကို လတ်တလော ရပ်ဆိုင်းထားရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ထားသည့် စက်ရုံများအနက် မြင်းခြံသံမဏိစက်ရုံကို ဦးစားပေး ကြိုတင်လေ့လာမှု ပြုလုပ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

လတ်တလော ရပ်ဆိုင်းထားရသည့် စက်ရုံများအနက် တစ်ခုအပါအဝင်ဖြစ်သော အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စက်ရုံစီမံကိန်းသည် အရင်းအနှီး ကြီးမားစွာ မြှုပ်နှံထားရသည့် စီမံကိန်းဖြစ်သည့် အားလျော်စွာ နိုင်ငံတော်အတွက် ရေရှည်အကျိုးဖြစ်ထွန်းပြီး ထိရောက်စွာ တာဝန်ယူ လုပ်ဆောင်နိုင်ရန် အရေးကြီးကြောင်းနှင့် စက်ရုံတစ်ရုံ တည်ဆောက်ရာတွင် စက်ရုံတစ်ရုံတည်း၏ ကိစ္စရပ်ဟု မှတ်ယူ၍ မရဘဲ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပြည်သူများအတွက်ပါ အကျိုးရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးမှာ အလွန်အရေးကြီးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

မြင်းခြံ သံမဏိစက်ရုံကို ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ပြည်ပမှ အတွေ့အကြုံရှိ ထိပ်တန်းသံမဏိကုမ္ပဏီကြီး ကိုးခုကို ဖိတ်ခေါ်ဆွေးနွေးပြီး စနစ်တကျ စိစစ်ခဲ့ရာ Global Steel Holding Company ကို ပဏာမ ရွေးချယ်ထားပြီး တစ်နှစ်လျှင် မူလသံမဏိထွက်ရှိမှု တန်ချိန် လေးသိန်းမှ တန်ချိန် သိန်း ၂၀ ကျော်အထိ ထွက်ရှိရန် အဆိုပါ ကုမ္ပဏီမှ ထပ်မံမြှုပ်နှံသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

မြင်းခြံသံမဏိစက်ရုံတွင် တစ်နှစ်လျှင် တန်ချိန်နှစ်သိန်းကျ မီးဖိုနှစ်လုံးလည်ပတ်ရန် လုပ်ဆောင်ထားပြီး ယခင်က ကမ္ဘာ့သံမဏိ ဈေးကွက်တွင် သံမဏိဈေးများ ကျဆင်းခဲ့ကာ ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း မြင့်မားခဲ့၍ ဈေးကွက်တွင် မယှဉ်ပြိုင်နိုင်ခဲ့ဘဲ ထွက်ရှိသည့် သံမဏိများမှာလည်း လူသုံးကုန် သံမဏိအဆင့် မရောက်ရှိသေးသော Semi-finish Billet နှင့် Slab (သံတုံး၊ သံခဲ၊ သံပြားအထူ) များသာဖြစ်၍ နောက်တစ်ဆင့် ဈေးကွက်ဝင် သံပြား၊ သံလုံး၊ သံချောင်းများဖြစ်ရန် ကြိတ်ရမည့် Rolling Process ကျန်ရှိနေကြောင်း သိရသည်။

အဆိုပါ သံမဏိ ထုတ်ကုန်များကို Value-added လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မှသာ ဈေးကွက်ဝင် သံမဏိများအဖြစ် ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး ထိုသို့ ရောင်းချနိုင်ရန်အတွက် Phase 2 နှင့် 2A ပါ စက်များကို အချောသတ် လုပ်ငန်းများအဖြစ် Finishing ပြုလုပ်ကာ တန်ဖိုးမြင့် သံမဏိများ ထုတ်လုပ်ရန် လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် ရွေးချယ်ထားသည့် Global Steel Holding Company အနေဖြင့် သံမဏိများကို ထုတ်လုပ်မှု လုပ်ငန်းမှ အစပြု၍ ဖြန့်ဖြူးရောင်းချနိုင်ပြီး Marketing လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ မြှုပ်နှံမှုအတွက် အသေးစိတ် Road Map ကို ရေးဆွဲပြီးဖြစ်ပြီး အစိုးရထံ တင်ပြမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သံမဏိ လိုအပ်ချက် အနေဖြင့် လူတစ်ဦးလျှင် 45 Kg ခန့်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဆိုပါက တန်ချိန် ၂၁ သိန်းကျော်ရှိမည် ဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေများစွာ သက်သာသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

■ Writer: ဖြိုးဝေ

Most Read

Most Recent