စျေးကွက်အနိုင်ကျင့်ခံရမှုနှင့် ပို့ကုန်သုံးဆအိပ်မက်

စျေးကွက်အနိုင်ကျင့်ခံရမှုနှင့် ပို့ကုန်သုံးဆအိပ်မက်
တရုတ်ပြည်သို့ တင်ပို့မည့် ဖရဲသီးများထည့်ထားသည့်ဘူးများကို သယ်ဆောင်နေသူများအား မူဆယ် ၁၀၅ မိုင် သစ်သီးစျေးကွက်တွင် တွေ့ရစဉ်
တရုတ်ပြည်သို့ တင်ပို့မည့် ဖရဲသီးများထည့်ထားသည့်ဘူးများကို သယ်ဆောင်နေသူများအား မူဆယ် ၁၀၅ မိုင် သစ်သီးစျေးကွက်တွင် တွေ့ရစဉ်
Published 31 March 2019
နီလာ

မြန်မာနိုင်ငံက ပို့ကုန်အများစုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။ မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်ဘက်ကမူ တရားဝင်အဖြစ် သတ်မှတ်ထားခြင်းမရှိပေ။

တရုတ်နိုင်ငံ၏ AQSIQ မှတ်ပုံတင်ထားသည့် ကုန်စည်ငါးမျိုးမှအပ ကျန်ကုန်စည်များကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေရသဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ စျေးကွက်အနိုင်ကျင့်ခံရမှုများ ပေါ်ပေါက်နေပြီး ဆုံးရှုံးမှု မကြာခဏ ပေါ်ပေါက်နေရကြောင်း ကုန်သည်စက်မှုအသင်းချုပ် နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက မတ် ၁၅ ရက်က ကျင်းပသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၂၅ ကြိမ်မြောက်)တွင် တင်ပြခဲ့သည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဦးကိုကိုကြီးက မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် AQSIQ (General Administration of Quality  Inspection, Supervision and Quarantine) မှတ်ပုံတင်ထားသည့် ကုန်စည်မှာ ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဆီးသီး ငါးမျိုးသာရှိပြီး ကျန်ကုန်စည်အများစုမှာ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရသည့် အခြေအနေရှိနေသဖြင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ တစ်ဖက်နိုင်ငံ၏ စျေးကွက်အနိုင်ကျင့်ခံရမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိပြီး ဆုံးရှုံးမှု မကြာခဏ ဖြစ်ပေါ်နေကြောင်း တင်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် AQSIQ မှတ်ပုံတင်ထားသည့် ကုန်စည်ငါးမျိုးသာ ရှိနေသဖြင့် လက်ရှိတင်ပို့နေသည့် အခြားကုန်စည်များကိုလည်း မှတ်ပုံတင်ရန် လိုအပ်နေပြီး လယ်ယာထွက်ကုန်ကဏ္ဍတွင် ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ဝဥ၊ ကျွဲကောသီး၊ ကြက်မောက်သီး၊ ဒူးရင်းသီးနှင့် ရော်ဘာမွေးမြူရေးထွက်ကုန်ကဏ္ဍတွင် ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်အရှင်၊ ရေထွက်ကုန်ကဏ္ဍတွင် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်နှင့် ကင်းမွန်၊ စက်မှုထုတ်ကုန်ကဏ္ဍတွင် အသင့်စား အစားအစာများ၊ အိမ်သုတ်ဆေးများ စသည့် ကုန်စည်များကို AQSIQ မှတ်ပုံတင်ထားသည့် မှတ်ပုံတင်ခွင့် အမြန်ဆုံးရရှိရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ဦးကိုကိုကြီးက  ဆက်လက်ပြောကြားသည်။

စျေးကွက်ပျက်နေသည့် မူဆယ်ဆန်စျေးကွက်

၂၀၁၉ခုနှစ် တရုတ်နှစ်သစ်ကူးကာလ ပြီးဆုံးသည့်အချိန်ခန့်မှစ၍ မူဆယ်နယ်စပ်၌ ဆန်အရောင်းအဝယ် တန့်နေခဲ့ရာ လက်ရှိအချိန်အထိ တစ်လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း ဆန်အရောင်းအဝယ် တန့်နေပြီး ဆန်တန်ချိန်ငါးသောင်းခန့် မူဆယ်၌ ပိတ်မိနေသည်။         

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့မည့် ဆန်တန်ချိန် ၅၀၀၀၀ ခန့်မှာ မူဆယ်နယ်စပ်၌ ပိတ်မိနေသည့်အတွက် အစိုးရအနေဖြင့် ယူနန်ပြည်နယ်အစိုးရအပါအဝင် တရုတ်ဝယ်လက်များနှင့် အမြန်ဆုံးညှိနှိုင်းပေးရန် လိုအပ်နေကြောင်း ဆန်ကုန်သည်များက ဆိုသည်။

“တရုတ်နိုင်ငံက သူတို့ကုမ္ပဏီတွေကို ပါမစ်ပေးတယ်လေ။ အဲဒီမှာ ဆန်လုံးရှည်တို့၊ ဆန်လုံးပုတို့၊ ဆန်ကွဲတို့ပေါ့။ အဲဒီလိုပါမစ် သတ်သတ်စီယူရတာ။ အခု ဆန်ကွဲပါမစ်နဲ့ ဆန်လုံးရှည်တွေ ပါမစ်မပေးတော့ဘူးလိုလို အသံတွေကြားရနေတယ်” ဟု မန္တလေးမှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံဘက်တွင် ယင်းကဲ့သို့ ဆန် တင်သွင်းမှုနှင့်ပတ်သက်သည့် သတင်းများ ထွက်ပေါ်မှုနှင့်အတူ မူဆယ်နယ်စပ်၌လည်း ဆန်ဝယ်ယူမှုရပ်တန့်နေကာ ဆန်တန်ချိန် ၅၀၀၀၀ ခန့် ပိတ်မိနေခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

“အကုန်လုံးမရောင်းရတော့ ဒီအတိုင်းပဲ ချထားရတယ်” ဟု မူဆယ်မှဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

မူဆယ်နယ်စပ်တွင်ရောက်ရှိနေသော ဆန်တန်ချိန် လေး - ငါးသောင်းခန့်အတွက် ယူနန်ပြည်နယ်အစိုးရနှင့်သော်လည်းကောင်း၊ ယူနန်ပြည်နယ်မှ Buyer များနှင့်သော်လည်းကောင်း အထူးဦးစားပေး ညှိနှိုင်းပေးရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၂၅ကြိမ်မြောက်) တွင် တင်ပြခဲ့သည်။

“လိုင်စင်နဲ့ အနည်းအကျဉ်းဝယ်တာကလွဲလို့ ကျန်တာတွေက မသွားကြဘူး။ လက်ရှိမှာ တစ်ရက်ကို အစီး ၂၀ လောက်ပဲ သွားတော့တယ်။ တန် ၅၀၀ လောက်ပေါ့။ လက်လီလောက်ပဲ သွားတာပေါ့။ အရင်ကဆို တန် ၃၀၀၀၊ ၄၀၀၀ လောက် အနည်းဆုံးပဲ တစ်နေ့ကို သွားတယ်။ အခုကျတော့ ဘယ်သူမှ မဝယ်ရဲ မရောင်းရဲနဲ့ ဖြစ်နေကြတယ်။ လက်လီသဘောမျိုးပေါ့။ ဥပမာ - ဆိုင်ကယ်လေးတွေနဲ့ ထော်လာဂျီတွေ အဲဒီလောက်ပဲ ရောင်းရတယ်။ အသွားအလာကျပ်နေတာကိုး” ဟု မူဆယ်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ဆန်တင်ပို့မှုအခြေအနေကို လေ့လာနေသည့် ဆန်ကုန်သည်တစ်ဦးကလည်း “တရုတ်ကို ထိုင်းတို့၊ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့လည်း ဆန်သွင်းတယ်။ ကမ္ဘောဒီးယားဆိုရင် ဟိုတစ်လောက သူတို့ ဝန်ကြီးချုပ် တရုတ်ကိုသွားတယ်။ အရင်က တရုတ်က Quota သုံးသိန်းပဲ ပေးတယ်။  ဝန်ကြီးချုပ်ခရီးစဉ်မှာ Quota ကိစ္စ သေချာဆွေးနွေးခဲ့ပုံရတယ်။ ဒီနှစ် တရုတ်က ကမ္ဘောဒီးယားကို Quota လေးသိန်းပေးလိုက်တယ်။ ကျွန်တော်တို့ဆီက MRF ကလူတွေ သွားဆွေးနွေးတုန်းက စာချုပ်နဲ့ တရားဝင်ဝယ်ဖို့ပေါ့။ အဲဒါကို ခုထိစာချုပ်က မချုပ်နိုင်သေးဘူး။ AQSIQ မီအောင် လုပ်ပါတွေ ဘာတွေ ပြောတာပေါ့။ တကယ်က ဒါတွေက ပြောလို့တော့ မကောင်းဘူး။ တမင်မပေးချင်လို့ လုပ်နေသလိုပဲ” ဟု သုံးသပ်ပြောကြားသည်။

“နိုင်ငံတိုင်းမှာ အကျိုးစီးပွားဆိုတာ ရှိပါတယ်။ တရုတ်တစ်ခုတည်းကို ပြောချင်တာမဟုတ်ဘူး။ ဥပမာ အမေရိကန်ဆိုလည်း သူ့အကျိုးစီးပွားမပါဘဲ ဘာမှလုပ်မှာ မဟုတ်ဘူး။ အခုဟာက တရုတ်နဲ့ မြန်မာကြားမှာဆို ရင်တရုတ်စီမံကိန်းတွေ မြန်မာမှာ အများကြီးပဲ။ လာလုပ်နေတာတွေ ရောလုပ်ဖို့ ပြင်ဆင်နေတာတွေရော။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံက ဘာကိုအသုံးချသင့်လဲဆိုရင် ကိုယ့်ဆီမှာရှိတဲ့အခွင့်အရေးပဲ။ အခုဆန်တွေ နယ်စပ်မှာ ပိတ်မိနေတယ်။ ဟိုဘက်က ညစ်ရင်ညစ်သလောက် ကြာနေမယ့်သဘောပဲ။ ဒါကို ကျွန်တော်တို့ဘက်က ပြတ်ပြတ်သားသား ဆွေးနွေးရမယ်။ သေချာကိုင်တွယ်ရမယ်။ အခုဟာက ဆွေးတော့ဆွေးနွေးနေတယ်။ ဆွေးနွေးတာသာ ပြီးသွားတယ်။ ကိစ္စက မပြတ်ဘူး” ဟု မြန်မာ့စီးပွားရေး လေ့လာနေသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

“ဒါကို  စီးပွား/ ကူးသန်းကလည်း လုပ်တော့ လုပ်နေတာပဲ။ တစ်ခုတော့ရှိတယ်။ ဒီကိစ္စမှာ သူတို့ဘက်က Give and Take လုပ်ချင်တာပေါ့” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ယူနန်ပြည်နယ် အမြဲတမ်းဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးတို့ မတ် ၂၈ ရက် က တွေ့ဆုံဆွေးနွေးမှုတွင် မူဆယ်နယ်စပ်၌ လတ်တလောဖြစ်ပေါ်နေသည့် ဆန်စျေးကွက်ပျက်နေခြင်းကို ဖြေရှင်းပေးရန်ဆွေးနွေးနိုင်မှု ရှိ မရှိ လုပ်ငန်းရှင်များ စိတ်ဝင်စားနေသည်။

“ပြည်ထောင်စုဝန်ကြီးနဲ့ ယူနန်ပြည်နယ်က တာဝန်ရှိသူတွေ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ နှစ်နိုင်ငံအကြား တရားမဝင် နယ်စပ်ကုန်သွယ်ရေး တားဆီးထိန်းချုပ်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့တော့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ဒါပေမဲ့ လတ်တလော မူဆယ်နယ်စပ်မှာဖြစ်နေတဲ့ ဆန်စျေးကွက်ပျက်နေတဲ့ကိစ္စကို ဆွေးနွေးဖြစ်ကြလား။ မူဆယ်နယ်စပ်မှာ ဆန်တန်ချိန် လေးသိန်းလောက်က ပိတ်မိနေတာလေ။ အဲဒီကိစ္စကို အမြန်ဆုံးဖြေရှင်းဖို့ သေချာဆွေနွေး အဖြေရှာပေးစေချင်ပါတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

၂၀၁၈ ဧပြီ ၁ ရက်မှ မတ်လကုန်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသ မ၃ သန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်ပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၁ ဒသမ၂ သန်း အထိ လျော့ကျမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“ဒီနှစ်ကတော့ တန်ချိန်နှစ်သန်းကျော် တင်ပို့ပြီးသွားပြီလေ။ မတ်လထဲမှာ တန်ချိန်နောက်ထပ် ဘယ်လောက်လောက်ထပ်ရ မလဲ။ တစ်သိန်းလောက် ရမလားမသိဘူး။ ကျွန်တော်တို့ ၂ ဒသမ ၃ သန်းလောက် ဖြစ်သွားမယ်ပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု တစ်နှစ်တာကာလကို ဧပြီ ၁ ရက်မှ နောက်တစ်နှစ်၏ မတ်လကုန်အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ဒသမ၅ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၃ သန်း အထိသာ တင်ပို့နိုင်မည်ဖြစ်သဖြင့် ယခုနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၁ဒသမ ၂ ခန့်အထိ လျော့ကျသွားမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြား တရုတ်နိုင်ငံ၏ စျေးကွက်အရ အနိုင်ကျင့်ခံရမှုများကြောင့် လယ်ယာထွက်ကုန် ပို့ကုန်များအပေါ် သက်ရောက်လျက်ရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။  

သုံးနှစ်အတွင်း မြန်မာ့ကုန်သွယ်မှုအခြေအနေ

အစိုးရသစ်လက်ထက် ပို့ကုန်သုံးဆ တိုးမြင့်ရေး ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

လက်ရှိအချိန်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအခြေအနေ တိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၂ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၃ ဒသမ ၅ ဘီလျံကျော်ဖြင့် ကုန်သွယ်မှုပမာဏ စံချိန်တင်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ Mini Budget ကာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၆ဘီလျံကျော်နှင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော် ရရှိထားသည်။

ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက်မပြောင်းမီကအတိုင်း တွက်ချက်ကြည့်မည်ဆိုပါက ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်လလယ်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံကျော်ဖြင့် ယခင်နှစ်က တင်ထားသည့် စံချိန်နီးပါးအထိ ကုန်သွယ်မှု ပြုလုပ်ထားကြောင်း တွေ့ရသည်။

၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားသည်။

ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပိုမှု တန်ဖိုးဒေါ်လာ ၇၃၇၂ ဒသမ ၂၇၇ သန်းရရှိထားပြီး သွင်းကုန် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၈၁၄၃ ဒသမ ၂၈၀ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၅၁၅ ဒသမ ၅၅၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပို့ကုန်တန်ဖိုးဒေါ်လာ ၆၆၇၅ ဒသမ ၀၈၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၈၆၅၄ ဒသမ ၅၆၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ၁၅၃၂၉ ဒသမ ၆၅၁ သန်းရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏဒေါ်လာ ၃၁ဘီလျံ ကျော်ရရှိအောင် ဆောင်ရွက်မည်ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်အထိ လျော့ကျအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးပထမနေ့တွင်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံ ရရှိရန်နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

50976886_2034953763262506_2645941575095418880_ommk.jpg

တရုတ်နိုင်ငံ ဝမ်တိန် ရေထွက်ပစ္စည်းကုန်သွယ်ရေးဇုန်တွင် မြန်မာနိုင်ငံဘက်က တင်ပို့သော ရေထွက်ပစ္စည်းများ ရောင်းချနေကြသည်ကို ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင်-နောင်ပိန်)

ပို့ကုန်တစ်ခုချင်းအလိုက် တင်ပို့ နိုင်မှု အခြေအနေ

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အဓိကပို့ကုန်များအဖြစ် ဆန်နှင့်ပဲကဲ့သို့ လယ်ယာထွက်ကုန်များအပေါ်တွင် အားပြုနေရသည်။ ယခုနှစ်ပိုင်းတွင် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ပို့ကုန်များ၏ တင်ပို့မှုတန်ဖိုး တိုးတက်လာသော်လည်း လက်ခစားစနစ်ဖြင့် ချုပ်လုပ်ရခြင်းဖြစ်သဖြင့် အထည်ချုပ်ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရငွေအဖြစ်ရရှိခဲ့သည်။   

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ် ၁ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုတန်ချိန် ၂ ဒသမ ၂၁ သန်းကျော် (၂၂၁၆၆၁၇ ဒသမ ၁၅၂ တန်) ရှိပြီး တန်ဖိုး ဒေါ်လာသန်း ၇၃၀ ကျော် (ဒေါ်လာ ၇၃၀ ဒသမ ၄၄၀ သန်း) ရရှိခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၁၁ လဝန်းကျင်ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၁၀၉၇၂ ကျော် တင်ပို့မှုမှ ဒေါ်လာ ၃၆၁ ဒသမ ၄၂၃သန်း၊ နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၀၅၆၄၄ ကျော်တင်ပို့မှုမှ ဒေါ်လာ ၃၆၉ ဒသမ ၀၁၇ သန်းရရှိခဲ့ခြင်း ဖြစ်သည်။

CMP အထည်ချုပ်လုပ်ငန်းများမှ ပြည်ပတင်ပို့မှုတန်ဖိုး ဒေါ်လာ နှစ်ဘီလျံ နီးပါးရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၈၀ ခန့်ပိုမိုရရှိထားသည်။                 

ငါးလကျော်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှဝင်ငွေဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၈၀ ကျော် လျော့ကျခဲ့သည်။

ယခုနှစ် ငါးလကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆၆၀၀၀၀ ခန့် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၃၂၀၀၀၀ ကျော် ပိုမိုတင်ပို့ထားသော်လည်း ပဲစျေးနှုန်းကျဆင်းသဖြင့် ယခင်နှစ်များထက် ဝင်ငွေလျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

အလားတူ ငါးလကျော်တွင် ကျောက်စိမ်းအရောင်းပြပွဲပြုလုပ်မှု နည်းခဲ့သဖြင့် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ တစ်သန်းအောက်သာ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၄၀ ကျော် လျော့ကျခဲ့သည်။

သို့သော် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း ၃၆၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၆ သန်းကျော် ပိုမိုရရှိထားသည်။

မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးရန် အရှိန်ယူနေရသည့်နိုင်ငံဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် သွင်းကုန်များ ပိုမိုတင်သွင်းရခြင်းကြောင့် အခြားနိုင်ငံများနည်းတူ ကုန်သွယ်ရေးလိုငွေများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေဒေါ်လာ ၅ ဒသမ ၄၄ ဘီလျံ၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ ဒေါ်လာ ၅ ဒသမ ၂၁ ဘီလျံ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၉၇ ဘီလျံ အသီးသီး ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်  လက်ရှိအချိန်အထိ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၇၇၀ ခန့် ဖြစ်ပေါ်နေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင် လူဦးရေအများဆုံး တစ်ဘီလျံကျော်ရှိသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံနှစ်ခုအကြားမှာ တည်ရှိခြင်းကြောင့် ပထဝီအနေအထားအရ မဟာဗျူဟာကျသည့် နိုင်ငံဖြစ်သည့်အတွက်  ယင်းစျေးကွက်၏ လိုအပ်ချက်အတိုင်း တင်ပို့နိုင်မှသာ ပို့ကုန်ကဏ္ဍတိုးတက်လာမည် ဖြစ်သည်။

သို့သော် စျေးကွက်တစ်ခုတည်းကို မှီခိုနေခြင်းမှာလည်း ပို့ကုန်များအတွက် ကောင်းမွန်သည့် အလားအလာမဟုတ်ပေ။ ယင်းအပြင် နွေစပါးမှထွက်ရှိသည့် ဆန်အများစုကို တရုတ်ကိုသာ တင်ပို့ခြင်းဖြစ်သဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများက နွေစပါးအပေါ် သက်ရောက်မှုရှိလာသည်။ ဒေသအချို့၌ နွေစပါးစတင်ထွက် ရှိလာနေပြီး စပါးစျေးအများစုမှာ အခြေခံစျေးနှုန်းအောက် ရောက်နေသဖြင့် ယင်းအခြေအနေက  စိုက်ပျိုးထုတ်လုပ်သူ တောင်သူများကို ဒုက္ခထပ်တွေ့စေပြန်သည်။

တရုတ်နိုင်ငံ၏ AQSIQ မှတ်ပုံတင် ထားသည့် ကုန်စည်ငါးမျိုးမှအပ ကျန်ကုန်စည်များကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေရသဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ စျေးကွက်အနိုင်ကျင့်ခံရမှုများ ပြေလည်ပြီး မူဆယ်ဆန်စျေးကွက် ပြန်ကောင်းလာစေရေးနှင့် မြန်မာ့ပို့ကုန်များ အနာဂတ်သည် တစ်ဖက်နိုင်ငံများ၏ စေတနာနှင့် နိုင်ငံရေး ရေချိန်အပေါ်၌သာ မူတည်နေတော့မည်လား မေးခွန်းထုတ်စရာဖြစ်လာသည်။

                            

 

 

Most Read

Most Recent