လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်လာသည့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်လာသည့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀
၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် မြောက်ဦးပဋိပက္ခဖြစ်စဉ် အချို့ကို လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့သည့် ဦးအောင်သန်းဝေအား ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် မြောက်ဦးပဋိပက္ခဖြစ်စဉ် အချို့ကို လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့သည့် ဦးအောင်သန်းဝေအား ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
Published 31 March 2019
ဇော်မင်းနိုင်

၂၀၁၇ ခုနှစ် မတ် ၈ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိုင်ငံသားတို့၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ကို လက်မှတ်ရေးထိုးခဲ့သည်။

ယင်းဥပဒေမှာ သက်တမ်းတစ်နှစ်ကျော် ကြာလာသည့် အချိန်တွင် ယင်းပုဒ်မမှာ လူအများကြားတွင် ဆိုးသတင်းနှင့် ကျော်ကြားလာခဲ့ပြီ ဖြစ်သည်။

ဥပဒေပြဋ္ဌာန်းရခြင်း၏ မူလ ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း ဥပဒေကို အသုံးချပြီး လက်စားချေမှုအချို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဥပဒေ၏ မူလရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံရေးလှုပ်ရှားသူများ၊ နိုင်ငံသားများ၏ တစ်ကိုယ်ရေ လုံခြုံရေးအတွက် နောက်ယောင်ခံလိုက်ခြင်း၊ ဖုန်းကြားဖြတ် နားထောင်ခြင်းများမှ ကာကွယ်နိုင်ရန် ဖြစ်သည်။

ပုဒ်မ (၁၀) ဆိုတာဘာလဲ

ပုဒ်မ (၁၀) ဆိုသည်မှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေဟုခေါ်ပြီး အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များဟူ၍ အခန်းခြောက်ခန်း ပါဝင်သည်။

ယင်းပုဒ်မတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ နေထိုင်နိုင်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ဟု ရေးသားထားသည်။

ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံမှုကို ဆိုလိုပြီး ယင်းစကားရပ်တွင် နိုင်ငံသားတစ်ဦး၏ နေအိမ်အဆောက်အအုံ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ယင်းဥပဒေဖြင့် အမှုဖွင့်ခံရပါက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရ ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူနိုင်ပြီး အာမခံမရရှိပေ။

ပုဒ်မတွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များအရ ပြစ်မှုစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည် ဖြစ်ကြောင်း၊ အမှုအား ကျူးလွန်ရန် အားထုတ်ခြင်း၊ တာဝန်ပေးခြင်း၊ ခိုင်းစေခြင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင်လည်း ယင်းပြစ်ဒဏ်အတိုင်း ချမှတ်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

ပုဒ်မ (၁၀) ဖြင့် အရင်ဆုံး ပြစ်ဒဏ်ချမှတ်ခံရသူက ဘယ်သူလဲ

ပုဒ်မ (၁၀) ဖြင့် အရင်ဆုံး ပြစ်ဒဏ်ချမှတ်ခံရသူမှာ မွန်ပြည်နယ် သထုံမြို့မှ ဦးအောင်ကိုကိုလွင် ဆိုသူဖြစ်သည်။

ဦးအောင်ကိုကိုလွင်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပါ ပုဒ်မ ၈ (စ) ဖြင့် အမှုဖွင့် တိုင်ကြားခံရခြင်းဖြစ်သည်။ ဇွန် ၄ ရက်တွင် အထက်ပါ ပုဒ်မ (၁၀) ဖြင့် တရားစွဲဆိုခြင်းခံရပြီး ဇွန် ၈ ရက်တွင် အာမခံမရရှိဘဲ ဖမ်းဆီးခံခဲ့ရသည်။

အမှုဖွင့် တရားစွဲခံရသည့် အကြောင်းရင်းမှာ အွန်လိုင်းတွင် နာမည်ကြီးခဲ့သည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဟင်းတစ်မျိုးလျှော့စားဆိုသည့် မိန့်ခွန်း ဗီဒီယိုဖိုင်နှင့် ပတ်သက်ခဲ့သည်။

ဦးအောင်ကိုကိုလွင်မှာ လူမှုကွန်ရက်စာမျက်နှာ တစ်ခုဖြစ်သည့် Facebook တွင် Aung Ko Ko Lwin အမည်ဖြင့် ဇန်နဝါရီ ၃ ရက်က မွန်ပြည်နယ်တွင် ပြုလုပ်သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် သထုံမြို့နယ် ပြည်သူလူထု တွေ့ဆုံပွဲကို လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့လွှင့်တင်မှုမှာ လူမှုကွန်ရက်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေသော ပုတ်ခတ်ခြင်း၊ ထိခိုက်စေသော နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း၊ မွန်ပြည်နယ် အကြီးအကဲများကို ပုတ်ခတ်ရေးသားမှုကြောင့် မြို့၏ဂုဏ်သိက္ခာ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပြည်နယ်မှ တာဝန်ရှိသူများ၏ ဆောင်ရွက်လုပ်ကိုင်နေမှုများကို အပြုသဘောဆောင် ဝေဖန်ထောက်ပြခြင်းမျိုး မဟုတ်ဘဲ၊ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း၊ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကြောင့် သထုံမြို့ သိမ်ကုန်းရပ်ကွက်နေ ဦးစောကျော်မိုး (၄၃ နှစ်) က သထုံမြို ့မရဲစခန်းတွင် တိုင်ကြားစာပို့ပြီး တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအား မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားခဲ့ခြင်း မဟုတ်ဘဲ မြို့ခံတစ်ဦးက အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမှုကို စစ်ဆေးရာတွင်လည်း တရားရုံးသို့ တရားလိုဘက်မှ တင်သွင်းသည့် သက်သေများတွင် လူမှုကွန်ရက်တွင် လွှင့်တင်ထားသည့် စာများကို Screenshot ရယူထားခြင်းဖြစ်ကာ အမှန်တကယ် ပြောဆိုခံရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့မှာ တရားလိုပြသက်သေ စာရင်းတွင်ပင် ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။

သို့သော် အမှုဖွင့်ခံရပြီး လေးလကြာ စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

“မွန်ပြည်နယ်ဝန်ကြီးချုပ်က အားမနာတမ်း ပြောကြပါဆိုလို့ ဝန်ကြီးချုပ်နဲ ့သထုံမြို့သူမြို့သားတွေ  တွေ့ဆုံပွဲမှာ သထုံမြို့ကောင်းဖို့ မြို့ခံ ၁၀ ယောက်လောက်က တင်ပြကြတယ်။ ကျွန်တော် လူမှုကွန်ရက်မှာ ရေးသားထားတာကလည်း ဝန်ကြီးချုပ်ကို တိုက်ခိုက်လိုစိတ် မဟုတ်ဘဲ အပြုသဘောနဲ့ ရေးသားတာပါ။ အခုလို အမိန့်ချခံရတာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ကန့်သတ်ခံရတာလို့ ယူဆတယ်။ ကျွန်တော့်ကို တရားစွဲတဲ့ ပုဒ်မကလည်း နိုင်ငံသားတွေအတွက် ထုတ်တာလို့ ယူဆတယ်။ ဒါပေမဲ့ ဒီဥပဒေဟာ နိုင်ငံသားတွေကို ပြန်တရားစွဲဖို့ ဖြစ်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု ဦးအောင်ကိုကိုလွင်က ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့တွင် ပြောကြားခဲ့သည်။

ယင်းအမှုမှာ ပုဒ်မ (၁၀) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရမှုတွင် ပထမဆုံးအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခြင်း မခံရမီက ဦးအောင်ကိုကိုလွင်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွန်ပြည်နယ် ခရီးစဉ်တွင် တိုင်ကြားစာကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သူ ဖြစ်သည်။ ၎င်းမှာ မွန်ပြည်နယ် အရပ်ဘက် အခြေပြု လူမှုအဖွဲ့အစည်းများ ကွန်ရက်မှ သထုံအရပ်ဘက် အခြေပြု လူမှုအခြေပြု လူမှုအဖွဲ့အစည်းများ ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။

NLD လွှတ်တော်ကိုယ်စားလှယ်က ပါတီဝင်များနှင့် ဒေသခံ ၁၇ ဦးအား တရားစွဲဆိုမှု

ယင်းဥပဒေအား အသုံးပြုကာ NLD လွှတ်တော်ကိုယ်စားလှယ်က ပါတီဝင်များနှင့် ဒေသခံ ၁၇ ဦးအား တရားစွဲဆိုမှုလည်း ဖြစ်ပွားခဲ့သည်။

ယင်းအမှုမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ဒေသခံ ၁၇ ဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အာဏာရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက NLD ပါတီဝင် ခြောက်ဦးနှင့် ဒေသခံရှစ်ဦးအား အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ရသည့် အကြောင်းရင်းမှာ ရွှေဟိန်းထက် ကုမ္ပဏီနှင့် မင်္ဂလာဒုံ ဒေသခံများအကြား မြေလွတ် မြေရိုင်း လေးဧကနှင့် ပတ်သက်၍ မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ယင်းအငြင်းပွားမှုကို ရပ်ကျေးအဆင့် မြေယာစိစစ်ရေး ကော်မတီက ကွင်းဆင်းစစ်ဆေးရာမှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ယင်းကော်မတီတွင် အမှုဖွင့်ခဲ့သည့် တရားလို ဒေါ်သန္တာမိုးလည်း ပါဝင်သည်။ မြေယာစိစစ်ရေး ကော်မတီ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ကျေနပ်ခြင်းမရှိသည့် ဒေသခံများက တိုင်စာများပေးပို့ရာတွင် ပုဂ္ဂိုလ်ရေး ထိခိုက်မှုများ ပါဝင်သည် ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် သာမက ၎င်း၏အစ်ကိုဖြစ်သူကလည်း ဒေသခံများကို ယင်းပုဒ်မ ၁၀ ဖြင့်ပင် ဒေသခံများအား ထပ်မံအမှု ဖွင့်ခဲ့သည်။

ထို့ပြင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဒေသခံများကို ပုဒ်မ ၁၀ ဖြင့်သာမက အသရေဖျက်မှု ပုဒ်မဖြစ်သည့် ပုဒ်မ ၅၀၀ ဖြင့်လည်း ထပ်မံတရားစွဲဆိုခဲ့သည်။ ပုဒ်မ ၅၀၀ ဖြင့် အမှုဖွင့်ပြီး ရုံးချိန်းခြောက်ချိန်းကျော် တရားရင်ဆိုင် အပြီးတွင် ယင်းသို့ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အာမခံမရတဲ့ ပုဒ်မ ၁၀ နဲ့ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ထက်ပိုပြင်းတဲ့ ပုဒ်မ

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေဖြင့် အမှုဖွင့်ခံရပါက တိုင်ကြားခံရသူမှာ အာမခံမရဘဲ အချုပ်ခံရမည်ဖြစ်သည်။

ယင်းဥပဒေ၏ အခန်း (၃) ဖြစ်သော သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏ တာဝန်များဆို သည့်အခန်းတွင် ဖော်ပြထားသည့် မည်သည့်ရဲတပ်ဖွဲ့မှူးမဆို ဤဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ နှင့်အညီ အရေးယူ ဆောင်ရွက်ရမည်ဟု ဖော်ပြထားခြင်းကြောင့် အာမခံမရဘဲ အချုပ်တွင်းမှ တရားရင်ဆိုင်ရခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းဆောင်က ဆိုသည်။

“၁၅၄ ပြဋ္ဌာန်းချက်ကြောင့် အာမခံမရဘူး။ ဒါက ၆၆ ထက် ပို ဆိုးသွားတဲ့သဘောပဲ။ ၆၆ တုန်းက လည်း ဥပဒေမပြင်ခင်က အာမခံမရဘူး။ လူတွေက ၀ိုင်းပြောကြမှ ပြန် ပြင်တယ်။ အာမခံပေးရမယ်လို့။ အခု ပုဒ်မ ၁၀ ကလည်း အမှုဖွင့်ခံရပြီဆိုရင် အာမခံပေးလို့မရဘူး။ တစ် ခါတည်း ထောင်ထဲဝင်ပဲ။ ရဲဘက်ကလည်း အမှုက မဖွင့်ပေးလို့မရပြန်။ သူက အမှုမဖွင့်ပေးရင်လည်း ပုဒ်မ ၁၁ နဲ့အရေးယူခံရမယ်။ အဲဒါကြောင့် ရဲကလည်း အမှုဖွင့်ပေးရတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)တွင် ယခင်မူလ ပြဋ္ဌာန်းချက်များအရ ကြားလူတစ်ဦးက တရားစွဲဆို နိုင်သည်ဟု ဖော်ပြထားခြင်းကြောင့် နစ်နာသူဟု ဆိုနိုင်သည့် ကာယကံရှင်က မဟုတ်ဘဲ ကြားလူတစ်ဦးက တရားစွဲဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။ ယင်းနောက် ပြင်ဆင်ချက်တွင် ကြားလူက တရားစွဲဆိုမှုမပြုနိုင်ရန် ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။

သို့သော် အဆိုပါ ဥပဒေတွင် မည်သူက တရားစွဲဆိုနိုင်သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ ပထမဆုံး တရားစွဲခံရသည့် အမှုဖြစ်သည့် မွန်ပြည်နယ်ဖြစ်စဉ်တွင် ဝေဖန်ခံရသည့် ကာယကံရှင်များက တရားစွဲဆိုခဲ့ခြင်း မဟုတ်ဘဲ ဘေးလူတစ်ဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမှုအား တရားရင်ဆိုင်ရာတွင်လည်း ဝေဖန်ခံရသည့် ကာယကံရှင်များမှာ သက်သေစာရင်းတွင်ပင် မပါဝင်ဘဲ အမှုကို စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ ယင်းပုဒ်မ၏ အားနည်းချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘေးလူက တရားစွဲဆိုခြင်း ပြုနိုင်-မပြုနိုင် ဆိုသည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။

ယင်းအပြင် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမိန့်ချမှတ်ခံရသည့် အမှုတွင် ပထမဆုံး ချမှတ်ခံရသည့် အမိန့်မှာ ထောင်ဒဏ်ခြောက်လဖြစ်သည်။ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခံရသည့် အမှု၏ ပထမဆုံးဟုဆိုနိုင်သည့် အမိန့်ချမှတ်မှုမှာ ထောင်ဒဏ်တစ်နှစ်ဖြစ်သည်။

“ပြောရမယ်ဆိုရင် စျေးဦးပေါက် ပြစ်ဒဏ်က တစ်နှစ်ဆိုတော့ အကုန်လုံးက တစ်နှစ်တွေချည်းပဲ ချမှာစိုးတယ်။ ဆက်သွယ်ရေး ဥပဒေတုန်းက စချတဲ့အမိန့်က ထောင်ခြောက်လ။ အခုပုဒ်မမှာက ထောင်တစ်နှစ်ဆိုတော့ အဲဒီအတိုင်းပဲ အနည်းဆုံးတစ်နှစ် ဖြစ်သွားမှာစိုးတယ်။ လူတွေတော်တော် များများကလည်း ဆက်သွယ်ရေး ပုဒ်မဆိုရင် ခြောက်လလို့ပဲ စွဲသွားကြတာကိုး။ အကျင့်တစ်ခုလို ဖြစ်သွားမှာလည်း စိုးတယ်။ အဲဒါကြောင့် ဆက်သွယ်ရေး ပုဒ်မထက် ပိုပြင်းတယ်လို့ ပြောလို့ရတယ်” ဟု အသံအဖွဲ့မှ မောင်ဆောင်းခက ပြောကြားသည်။

တက်သုတ်ရိုက် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေရဲ့ အားနည်းချက်

ယင်းဥပဒေ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း ပြဋ္ဌာန်းရာတွင် အလျင်စလို ပြဋ္ဌာန်းခဲ့ခြင်း၊ ဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များမှာ ဝေ၀ါးခြင်း၊ ရှေ့နောက် မလျော်ညီခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများ၏ ထောက်ပြမှုများကို လျစ်လျူရှုခဲ့ခြင်းများကြောင့် ဥပဒေတွင် အားနည်းချက်များ ဖြစ်ပေါ်လာရသည်ဟု အသံ- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စဆွဲတုန်းကတော့ ရည်ရွယ်ချက်က ကောင်းတယ်။ စရဖတွေ၊ SB တွေက နိုင်ငံရေးသမားတွေကို နောက်ယောင်ခံလိုက်တာတွေ၊ စုံစမ်းထောက်လှမ်း တာတွေကို တားဆီးဖို့အတွက် ရည်ရွယ်ထားတာပေါ့။ အခုကျတော့ ပြည်သူအချင်းချင်းကပဲ အပြန်အလှန် စွဲနေတာတွေချည်းပဲ ဖြစ်နေတယ်။ အခုထိ နိုင်ငံရေးသမားတွေ နောက်ယောင်ခံ အလိုက်ခံရတွေ အများကြီးပဲ။ ဒါပေမဲ့ ဒီဥပဒေနဲ့ တရားစွဲလို့ မရသေးဘူး။ အမှုဖွင့်မယ်ဆိုရင် ဒါကသူတို့က ဝတ္တရားအရ လုပ်တာပါ ဆိုတာနဲ့ ပြီးနေတယ်” ဟု အသံ- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့မှ မောင်ဆောင်းခက ပြောကြားသည်။

ပုဒ်မ ၁၀ မှာ ယခင်က လူထုကို ဒုက္ခပေးခဲ့သည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ နေရာတွင် အစားထိုး ဝင်ရောက်လာပြီး ပြည်သူအချင်းချင်း လက်စားချေမှုအတွက် အသုံးတည့်လာသည့် ပုဒ်မတစ်ခု ဖြစ်လာကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“လက်စားချေဖို့ သုံးလာသလို ဖြစ်နေပြီ။ Facebook မှာတင်ရင် ၆၆ နဲ့ ဆွဲတာက အခုအာမခံရတယ် ဆိုတော့ လူတွေက အဲဒါကို သိပ်မသုံးတော့ဘူး။ လူရဲ့စိတ်က ဒီလူ့ကို ထောင်ချမှ ကျေနပ်မယ် ဆိုတာတွေရှိတော့ အခုပုဒ်မ ၁၀ နဲ့ ပြောင်းဆွဲတယ်။ အခုပုဒ်မက အာမခံမရဘူး။ လောလောဆယ်တော့ ထောင်ထဲမှာနေပေါ့ ဆိုတော့ သဘောမျိုး ဖြစ်နေတာလေ” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ဦးရောဘတ်စန်းအောင်မှာ မကွေးမြို့တွင် ပုဒ်မ ၁၀ နှင့် ပတ်သက်ပြီး တရားစွဲခံရသူဘက်မှ ရှေ့နေလိုက်ခဲ့သည့် အတွေ့အကြုံရှိပြီး ယင်းအမှုတွင်လည်း ပြည်သူတစ်ဦးအား ဝန်ထမ်းတစ်ဦးက တရားစွဲခဲ့ခြင်း ဖြစ်သည်။

ပြည်သူတစ်ဦးက ဝန်ထမ်းတစ်ဦး လာဘ်စားသည့် အကြောင်းအရာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ပြီး ယင်းတိုင်ကြားထားသည့် အကြောင်းအရာကို လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းကြောင့် အဆိုပါ ဝန်ထမ်းက ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“အဲဒီအမှုမှာ အတိုင်ခံရတဲ့သူကအရင် ထောင်ထဲရောက်သွားတယ်။ လာဘ်စားမှုနဲ့ အတိုင်ခံရတဲ့သူက ဘာမှမဖြစ်သေးဘူး။ သူကအထဲဝင်သွားရတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ပုဒ်မ ၁၀ ကိုပြင်ဆင်ထားတဲ့ ဥပဒေကြမ်းက ထိရောက်ပါ့မလား

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်ရုံးက ပြည်သူများ သိရှိလေ့လာနိုင်စေရန် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ (၁) တွင် ယင်းဥပဒေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်ဟု သတ်မှတ်ထားပြီး ပုဒ်မ (၂) တွင်မူ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (င) “သက်ဆိုင်ရာ ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထဲရေး ဝန်ကြီးဌာနကို ဆိုလိုသည်” ဆိုသည့် ပြဋ္ဌာန်းချက်အစား “သက်ဆိုင်ရာ ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အလို့ငှာ ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ပေးအပ်ခြင်း ခံရသည့် ပြည်ထောင်စု ဝန်ကြီးဌာနကို ဆိုသည်” ဟု ပြင်ဆင်ပြဋ္ဌာန်းမည်ဟု ဥပဒေကြမ်း၌ ဖော်ပြထားသည်။

ဥပဒေကြမ်း၏ ပုဒ်မ (၃) တွင်မူ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ၌ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ ကို ထပ်မံ၍ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ပုဒ်မ (၁၄) (က) “ဤဥပဒေပါ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်” ဆိုသည့်အချက်နှင့် ပုဒ်မ (၁၄) (ခ) “ဤဥပဒေပါ ပြစ်မှုများကို အာမခံပေးနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်သည်” ဟု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ပုဒ်မ (၁၅) တွင် “ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနသည် (က) လိုအပ်သော နည်းဥပဒေများနှင့် စည်းမျဉ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်” ဆိုသည့် အချက်နှင့် (ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်” ဟူ၍ ပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ဥပဒေအား ပြင်ဆင်ချက်များ အနေဖြင့် ပညာရှင်များနှင့် တိုင်ပင်၍ အသေးစိတ် ထုတ်ပြန်ချက်များကို အသံအဖွဲ့က ထုတ်ပြန်မည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးအတွက် ထိရောက်သော ပြဋ္ဌာန်းချက်များ၊ ဥပဒေကို အသုံးချပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား အဟန့်အတား ဖြစ်စေမည့် အရာများကို ကာကွယ်တားဆီးနိုင်မည့် ပြဋ္ဌာန်းချက်များ ပါဝင်မည်ဟု မောင်ဆောင်းခက ပြောကြားသည်။

ပြန်လည်ပြင်ဆင်မည့် ဥပဒေမူကြမ်းအရ တရားစွဲ အမှုဖွင့်ခံရသူသည် အာမခံရရှိမည့် အခြေအနေတွင်ရှိသည်။ ထို့ပြင် တရားစွဲဆိုရာတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရရှိမှသာ စွဲဆိုနိုင်မည့် အခြေအနေလည်း ဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အဟန့်အတား ဖြစ်နေတဲ့ ဥပဒေ

ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေမှာ အဟန့်အတားတစ်ခု ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်မှာ အတိုက်အခံရှိမှသာ ရှင်သန်နိုင်မည့် စနစ်တစ်ခုဖြစ်ပြီး အစိုးရတစ်ရပ်အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ ရှင်သန်နိုင်အောင် ပြုစုပျိုးထောင်ရမည်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် ပုဒ်မ (၁၀) မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်သည်ဟု အသံအဖွဲ့မှ မောင်ဆောင်းခက ဆိုသည်။

“စပြီးအမှုဖွင့်ခံရတဲ့သူဆိုရင် အစိုးရကို ဝေဖန်လို့ ဆိုတာနဲ့ စအမှုဖွင့်ခံရတယ်။ တော်တော်များများကလည်း အဲဒီပုံစံမျိုးတွေကို တွေ့ရတယ်။ ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခုပဲ” ဟု မောင်ဆောင်းခက ဆိုသည်။

ပုဒ်မ ၁၀ ကို အသုံးပြုကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအတွက် တားဆီးပိတ်ပင်ခံရသည့် နမူနာ အမှုတစ်ခုမှာ ပထမဆုံး တရားစွဲခံရသည်ဟု ဆိုနိုင်သည့် မွန်ပြည်နယ်မှ ဦးအောင်ကိုကိုလွင်၏ အမှုဖြစ်သည်ဟု အသံ- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က ဝေဖန်ထောက်ပြသည်။

သထုံမြို့နယ်မှ ဦးအောင်ကိုကိုလွင်၏ အမှုတွင် သက်သေခံ တင်သွင်းထားသည့် Screenshot များတွင် သထုံမြို့၏ မြို့နယ်ဖွံ့ဖြိုးရေး၊ စျေးလျှပ်စစ်မီးရရှိရေး ကိစ္စရပ်များတွင် အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များကို ဝေဖန်ရေးသားမှုများ၊ နိုင်ငံရေး ဝေဖန်ပြောဆိုမှုများ ဖြစ်သည်ဟု အသံအဖွဲ့က ၎င်းတို့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစိုးရ၊ လွှတ်တော်၊ တရားရေး၊ ဌာနဆိုင်ရာ စသည့်နေရာများကို ပြည်သူတစ်ဦးက ဝေဖန်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းဖြစ်ပြီး ယင်းဥပဒေကို အသုံးချပြီး နိုင်ငံရေး ဝေဖန်ပြောဆိုမှုများကို တားဆီးပိတ်ပင်ခြင်း၊ ဝေဖန်သူများကို အရေးယူခြင်းမှာ နိုင်ငံရေး ဖိနှိပ်ဝေဖန်မှု တစ်ခုပင်ဖြစ်ကြောင်း အသံအဖွဲ့က ဝေဖန်ထားသည်။

ယခင်က လူမှုကွန်ရက် စာမျက်နှာများတွင် အစိုးရအား ဝေဖန်ရေးသားမှုများအတွက် ဆက်သွယ်ရေးပုဒ်မ ၆၆၊  မြေပြင်တွင် ဆန္ဒထုတ်ဖော်မှုများတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲဆိုခဲ့ခြင်းများ ရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ် မ (၁၀) ကို အသုံးပြု၍ တရားစွဲဆိုခြင်းများ ရှိလာခဲ့ပြီဖြစ်သည်။

“တလွဲတွေသုံးနေပြီလို့ ဆိုချင်တယ်။ ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အတားအဆီး ဖြစ်လာတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

လူပုဂ္ဂိုလ် တစ်ဦးချင်းဆီကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ရေးသားမှုများ ရှိပါက အသရေဖျက်မှုဖြင့် တရားစွဲဆို နိုင်သော်လည်း ပြည်သူများ အကြားတွင်လည်း ပြစ်ဒဏ်ပိုမိုပြင်းထန်သည့် အဆိုပါဥပဒေကို အသုံးပြုနေခြင်းဖြစ်သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခန်း (၄) နံပါတ် ၈ (စ) တွင် ဖော်ပြထားသည့် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မ ဝင်ရောက်စွက်ဖက်ခြင်း (သို့မဟုတ်) လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားပြီး ယင်းဖော်ပြချက်မှာ ကျယ်ပြန့်ဝေ၀ါးပြီး ရာဇသတ်ကြီး ဥပဒေတွင် ပါရှိပြီးသားဖြစ်သည့် အသရေဖျက်ခြင်း ပုဒ်မ ၅၀၀ နှင့် သဘောသဘာဝချင်း ဆင်တူကြောင်း၊ သို့သော်ပြစ်ဒဏ်တွင်မူ ပုဒ်မ ၁၀ တွင် ထောင်ခြောက်လမှ ထောင်သုံးနှစ်အထိ ချမှတ်ခံရမည် ဖြစ်သဖြင့် အသရေဖျက်မှုကို ရာဇဝတ်မှု တစ်ခုသဖွယ် အပြစ်ဒဏ် ချမှတ်ထားခြင်းဖြစ်ကြောင်း အသံအဖွဲ့က ဝေဖန်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်တွင် နိုင်ငံရေးပုဒ်မ တစ်ခုဟု လူသိများပြီး ပုဒ်မ (၁၀) ဟုခေါ်တွင်ခဲ့သည့် ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ’ အားဖျက်သိမ်းခဲ့ပြီး ထပ်မံပြဋ္ဌာန်းခဲ့သည့် ပုဒ်မ (၁၀) သို့မဟုတ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေမှာ တစ်နှစ်တာ ကာလအတွင်းမှာပင် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးခြိမ်းခြောက် လာခဲ့ပြီဖြစ်သည်။

၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် မြောက်ဦးပဋိပက္ခ ဖြစ်စဉ်တွင်လည်း လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ‘ရခိုင်ပြည်နယ် အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ မြောက်ဦးလူသတ်တရားခံ ဘယ်သူလဲ’ ဆိုသည့် ပို့စ်တင်ခဲ့သည့် ဦးအောင်သန်းဝေမှာလည်း ယင်းဥပဒေဖြင့်ပင် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသည်။

အစိုးရတစ်ရပ်၏ လုပ်ကိုင်လွဲမှားမှုများ၊ စီမံခန့်ခွဲမှု အလွဲများ ဖြစ်ပေါ်လာပါက ဝေဖန်ထောက်ပြရမည့် တာဝန်မှာ မဲဆန္ဒရှင် ပြည်သူများ၏ တာဝန်လည်းဖြစ်သည်။ ယင်းသို့ ဝေဖန်ထောက်ပြမှုများအပေါ် ရာဇဝတ်မှုတစ်ရပ် ကျူးလွန်သကဲ့သို့ ပြစ်ဒဏ်ချမှတ် ခံရနိုင်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းများ မဖြစ်ပေါ်ရန်နှင့် မူလရည်ရွယ်ချက်မှ သွေဖည်ကာ ပြည်သူများကို ဒုက္ခပေးနေသည့် ဥပဒေကို လွှတ်တော်နှင့် အစိုးရ ပူးပေါင်းအဖြေရှာရန် လိုအပ်လာပြီ ဖြစ်သည်။ 

 

 

Most Read

Most Recent