ဘင်္ဂါလီ ၂၅ ဦးအား ရန်ကုန်သို့ပို့ဆောင်ရန် ခေါ်ဆောင်လာသူသုံးဦးအပါအဝင် စုစုပေါင်း ၂၈ ဦးအား ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်ကားလမ်းတွင် ဖမ်းဆီးရမိ

ဘင်္ဂါလီ ၂၅ ဦးအား ရန်ကုန်သို့ပို့ဆောင်ရန် ခေါ်ဆောင်လာသူသုံးဦးအပါအဝင် စုစုပေါင်း ၂၈ ဦးအား ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်ကားလမ်းတွင် ဖမ်းဆီးရမိ
Published 25 March 2019
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမကားလမ်းမပေါ်တွင် မတ်၂၄ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီ၂၅ ဦးအား ရန်ကုန်သို့ ပို့ဆောင်ရန် သယ်ဆောင်လာသူသုံးဦးအပါအဝင် စုစုပေါင်း ၂၈ ဦးအား မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ရေတာရှည်မြို့နယ် သာဂရနယ်မြေရဲစခန်း အနောက်ဘက် ဂုံမင်းကွင်း ကျေးရွာအုပ်စု ၆ မိုင်ကျေးရွာ သစ်တောစစ် ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက ပိတ်ဆို့ ရှာဖွေစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မသင်္ကာယာဉ်အမှတ် YGN 9C/----- အဖြူ၊ ခဲရောင်(စိစစ်ဆဲ)မော်တော်ယာဉ်တစ်စီးမှာ သာဂရ-ကိုးပင်ကားလမ်းအတိုင်း မောင်းနှင်လာကြောင်း၊ သာဂရ-ကိုးပင်လမ်း ၁၈ မိုင်တွင် တရားမဝင်သစ်ဖမ်းဆီးရေးနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် ရေတာရှည်မြို့နယ် သစ်တောဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သတင်းပေးပို့ခဲ့သည်။

သတင်းပေးချက်အရ တာဝန်ရှိသူများက ၆ မိုင်ကျေးရွာ သစ်တောစစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှ ယာဉ်မောင်းစောထွန်း မောင်းနှင်ပြီး ၎င်းနှင့်အတူ ကားရှေ့ခန်း၌ အတူလိုက်ပါသူ ကျော်စိုးလင်းနှင့် မသော်တာထွေး(ခ)ခိုင်လေးတို့ သုံးဦးအပါအဝင် မြန်မာစကားကောင်းစွာမပြောတတ်သော အသက်လေးနှစ်အရွယ်ခန့်ရှိ ဘင်္ဂါလီကလေးများ အပါအဝင် ဘင်္ဂါလီလူမျိုးဟု ယူဆရသော အစ္စလာမ်ဘာသာဝင် ကျား ၂၀ ဦး၊ မငါးဦး၊ စုစုပေါင်း ၂၈ ဦးတို့အား တွေ့ရှိ၍ သာဂရ နယ်မြေရဲစခန်းသို့ ခေါ်ဆောင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိ သူတစ်ဦးက “ဘင်္ဂါလီလို့ ယူဆရသူပေါ့နော်။ ကျား ၂၀ ဦး၊ မငါးဦး စုစုပေါင်း ၂၅ ဦး။ အဲဒါ သူတို့ကို ရေတာရှည်မြို့နယ် သာဂရနယ်မြေ ရဲစခန်းကို ခေါ်ဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စစ်ဆေးဆောင်ရွက်လျက်ရှိ ပါတယ်။ ၂၈ ဦးဆိုတာက ဒရိုင်ဘာတွေ ဘာတွေရောပါမယ်။ သုံးဦးကတော့ မြန်မာပေ့ါဗျာ။ ဘင်္ဂါလီလို့ ယူဆရသူကတော့ ၂၅ ဦးပေါ့” ဟု ပြောကြားသည်။

သာဂရနယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာသော ဘင်္ဂါလီများအား တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး ဘင်္ဂါလီများအား သယ်ဆောင်မောင်းနှင်သူ ယာဉ်မောင်း စောထွန်းအား ကနဦးစစ်ဆေးချက်များအရ အဆိုပါဘင်္ဂါလီလူမျိုး ၂၅ ဦးအား မကွေးတိုင်းဒေသကြီး မကွေး-ကိုးပင်လမ်းမှ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်သာဂရ-ကိုးပင်လမ်းအတိုင်းခေါ်ဆောင်ကာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၃ မိုင် ၃ ဖာလုံမှ တစ်ဆင့် အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများက အသေးစိတ်စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကာ ဘင်္ဂါလီများအား သယ်ဆောင်လာသူသုံးဦးနှင့် ဘင်္ဂါလီ ၂၅ဦး တို့အား အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read