အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ငွေကြေးအရင်းအနှီးများရရှိရန် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်ချေးငွေ ယူရို ၁၅ သန်းကျော်၊ JICA ချေးငွေ ဂျပန်ယန်း ဘီလျံ ၂၀ နှင့် အစိုးရနှင့်ပြည်တွင်း ဘဏ်တို့မှချေးငွေ ကျပ်ဘီလျံ ၄၈၀ ကျော်အား လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိ

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ငွေကြေးအရင်းအနှီးများရရှိရန် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်ချေးငွေ ယူရို ၁၅ သန်းကျော်၊ JICA ချေးငွေ ဂျပန်ယန်း ဘီလျံ ၂၀ နှင့် အစိုးရနှင့်ပြည်တွင်း ဘဏ်တို့မှချေးငွေ ကျပ်ဘီလျံ ၄၈၀ ကျော်အား လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိ
Published 24 March 2019
ဆန်းထူးအောင်

အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ငွေကြေးအရင်းအနှီးများရရှိရန် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်ချေးငွေ ယူရို ၁၅ သန်း ကျော်၊ JICA ချေးငွေ ဂျပန်ယန်း ဘီလျံ ၂၀ နှင့် အစိုးရနှင့် ပြည်တွင်းဘဏ်တို့မှ ချေးငွေ ကျပ်ဘီလျံ ၄၈၀ ကျော်အား လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

မတ် ၂၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့်  MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ (နေပြည်တော်) ဖွင့်ပွဲအခမ်းအနား အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ဖော်ဆောင်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရန်နှင့် ရေရှည်အကျိုး ဖြစ်ထွန်းမှုကို ရှေးရှုသည့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီရန်တို့အတွက် MSME များသည် အဓိကမောင်းနှင်အားများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနက် ၉၉ ရာခိုင်နှုန်း သည် MSME များဖြစ်၍ MSME များ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုး တက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့ MSME များအတွက် လိုအပ်သောနည်းပညာများပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ စျေးကွက်အသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ယခုလိုဆောင်ရွက်မှသာ နိုင်ငံတော်၏ စီးပွားရေးမူဝါဒရည်မှန်းချက် လေးချက်အ နက် ဒုတိယအချက်တွင် ဖော်ပြထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး အခြေအနေကောင်းများ ရရှိရေး ဆောင်ရွက်ရန်ဆိုသည့်အချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများကို ချမှတ်ထားကြောင်း သိရသည်။                                  

 



 

Most Read

Most Recent