ကမ္ဘာ့ဖလားအတွက် ကာတာက FIFA အား ဒေါ်လာတစ်ဘီလျံနီးပါးပေးအပ်ခဲ့ဟု သတင်းထွက်ပေါ်

ကမ္ဘာ့ဖလားအတွက် ကာတာက FIFA အား ဒေါ်လာတစ်ဘီလျံနီးပါးပေးအပ်ခဲ့ဟု သတင်းထွက်ပေါ်
Photos: Getty Images
Photos: Getty Images
Published 11 March 2019

ကာတာအစိုးရသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (FIFA) အား ဒေါ်လာတစ်ဘီလျံနီးပါး လျှို့ဝှက်ပေးအပ်ခဲ့ကြောင်း ဗြိတိန်သတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။

The Sunday Times သတင်းဌာနက စုံစမ်းထားသည့် အချက်အလက်များအရ ကာတာအစိုးရပိုင်ဆိုင်သည့် အယ်လ်ဂျာဇီးယားရုပ်သံသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံမရွေးချယ်မီ ရက်သတ္တပတ်သုံးပတ်အလိုတွင် FIFA နှင့် ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ ကြောင်း သိရသည်။ 

အယ်လ်ဂျာဇီးယားရုပ်သံသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကာတာနိုင်ငံအား ရွေးချယ်ပြီးပါက FIFA ဘဏ်စာရင်းသို့ ဒေါ်လာသန်း ၁၀၀ ပေးအပ်ရမည့်အချက်လည်း သဘောတူညီမှုရရှိခဲ့ကြောင်း The Sunday Times သတင်းဌာနက ဖော်ပြသည်။ 

အယ်လ်ဂျာဇီးယားရုပ်သံကို ကာတာစော်ဘွား ရှိတ်ဟာမက်ဘင်ခါလီဖာအယ်လ်သာနီက ပိုင်ဆိုင်ထားသောကြောင့် ယင်းစာချုပ်မှာ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိဘဲ ထိုစဉ်က  FIFA ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ သည့် ဆပ်ဘလတ္တာနှင့် အထွေထွေအတွင်း ရေးမှူး ဂျရုန်းဗယ်လ်ကီသည် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပြီး တစ်ပတ်အကြာမှာပင် အယ်လ်ဂျာဇီးယားရုပ်သံနှင့် စာချုပ်လက် မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 FIFA အနေဖြင့် လူဦးရေ ၂ ဒသမ ၆ သန်းသာရှိသည့် အရှေ့အလယ်ပိုင်းနိုင်ငံငယ် တစ်ခုအား ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ပြု ခြင်းမှာ မသမာမှုများရှိနိုင်ကြောင်း ဝေဖန်မှု ထွက်ပေါ်လာပြီးနောက် ကျင့်ဝတ်ဆိုင်ရာ ကော်မတီက မဲပေးရွေးချယ်မှုအပေါ် စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ 

သို့ဖြစ်ရာ ကာတာ အစိုးရသည် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့် ရုပ်သိမ်းမခံရစေရန်အတွက် beIN SPORT ရုပ်သံနှင့် ဒေါ်လာသန်း ၄၈၀ တန်ဖိုးရှိ စာချုပ် ထပ်မံချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း The Sunday Times သတင်းဌာနက မတ် ၉ ရက်တွင် ဖော်ပြသည်။ 

 FIFA အနေဖြင့် ကာတာအစိုးရထံမှ ဒေါ်လာတစ်ဘီလျံနီးပါး ရရှိခဲ့ကြောင်း စွပ်စွဲမှုများရှိနေသော်လည်း ယင်းဖြစ်ရပ်အတွက် တုံ့ပြန်ဖြေရှင်းမှုမပြုလုပ် သေးကြောင်း သိရသည်။

Most Read

Most Recent