အနောက်နိုင်ငံများအနက် မြန်မာနိုင်ငံသို့ ခရီးသွားလာရောက်လည်ပတ်မှုများသည့် ဂျာမနီ၊ ပြင်သစ်နှင့် အီတလီ စသည့်နိုင်ငံသုံးနိုင်ငံအား ဗီဇာဖြေလျှော့ပေးရန် အဆင့်ဆင့်တင်ပြထားဟု ဆို

အနောက်နိုင်ငံများအနက် မြန်မာနိုင်ငံသို့ ခရီးသွားလာရောက်လည်ပတ်မှုများသည့် ဂျာမနီ၊ ပြင်သစ်နှင့် အီတလီ စသည့်နိုင်ငံသုံးနိုင်ငံအား ဗီဇာဖြေလျှော့ပေးရန် အဆင့်ဆင့်တင်ပြထားဟု ဆို
ငပလီကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ငပလီကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 7 March 2019
နီလာ၊ သိင်္ဂီဝင်းတင်

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် အရှေ့မျှော်မူဝါဒအရ အရှေ့နိုင်ငံအချို့ကို ဗီဇာဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်နိုင်ငံများအနက် မြန်မာနိုင်ငံသို့ ခရီးလာရောက်လည်ပတ်မှု များပြားသည့် ဂျာမနီ၊ ပြင်သစ်နှင့် အီတလီစသည့် နိုင်ငံသုံးနိုင်ငံအား ဗီဇာဖြေလျှော့မှုပေးရန် အဆင့်ဆင့်တင်ပြထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

“ဒါကတော့ Look East ပေါ်လစီအနေ နဲ့ အရှေ့ဘက်ခြမ်းက နိုင်ငံတွေကို ဗီဇာဖြေလျှော့ပေးသလိုမျိုးပဲ။ အနောက်နိုင်ငံတွေကို ဗီဇာဖြေလျှော့ပေးဖို့အတွက် ထောက်ခံချက်တွေ တောင်းထားတဲ့အချိန်မှာ အသင်းအဖွဲ့တွေကလည်း ထောက်ခံထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံသားတွေကတော့ ကြာကြာနေတယ်၊ များများသုံးတယ်။ အရှေ့နိုင်ငံသားတွေကတော့ အနေတိုတယ်။ နေတဲ့အချိန်နည်းတယ်။ နည်းနည်းဘဲသုံးတယ်ပေါ့လေ။ အဲဒီဟာကတော့ ဟိုတယ်ခရီးဝန်ကြီး ဌာနတစ်ခုတည်းနဲ့တော့ မရဘူးပေါ့နော်။ လဝက၊ နိုင်ငံခြားရေးဝန်ကြီးဌာန အများကြီးလိုတယ်။ နိုင်ငံတော်အနေနဲ့လည်း ဒါကိုပေါ် လစီချပေးမှာလည်း ဖြစ်မှာပါ။ အဆင့်ဆင့် တင်ပြထားဆဲဖြစ်ပါတယ်။ အနောက်နိုင်ငံသားတွေအနေနဲ့ကလည်း အလာများတဲ့ ဂျာမနီ၊ အီတလီ၊ ပြင်သစ်တို့ကိုတော့ တင်ပြပေးနေတယ်။ အထက်အဆင့်ကနေပြီးတော့မှ ပေါ်လစီလေးချပေးမှ ဖြစ်မှာပါ”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ဆိုသည်။

ရခိုင်အရေးအခင်းကိစ္စကြောင့် အနောက်နိုင်ငံ ခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ်က၂၃ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ကြောင်း၊ သို့သော်လည်း လက်ရှိတွင် အနည်းငယ်ပြန်တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု အနေဖြင့် ၂၀၁ရခုနှစ်က ခရီးသွား ၃ ဒသမ ၄ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅  သန်းဝင်ရောက်ခဲ့ကာ ၃ ဒသမ ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများအနက် တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယနိုင်ငံများကို ဗီဇာဖြေလျှော့မှုပေးထားပြီး အခြားနိုင်ငံများသို့ ထပ်မံဖြေလျှော့ပေးရန် အကြံပြုချက်များကို ခရီးသွားအသင်းအဖွဲ့များအား အောက်တိုဘာ ၁ ရက်မှ စတင်ကောက်ခံကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ နောက်ဆုံးပြန်လည်ကောက်ခံထားကြောင်း သိရသည်။

အရှေ့မျှော်မူဝါဒအဖြစ် အာဆီယံနိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ ကိုးရီးယား၊ အိန္ဒိယခရီးသွားများ တိုးတက်ဝင်ရောက်လာအောင် လုပ်ဆောင်လျက်ရှိပြီး ဗီဇာဖြေလျှော့မှုများအနက် တရုတ်ခရီးသွားများ ရာခိုင်နှုန်း ၄၀ နှင့် ကိုရီးယားခရီးသွား ၁၁ ရာခိုင်နှုန်းသိသိသာသာ တိုးတက်လာသည်ဟု သိရသည်။

၂၀၁၈ ခုနှစ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုသည် ဇန်နဝါရီမှဒီဇင်ဘာလထိ ၃၅၅၁၄၂၈ ဦးရှိပြီး ၂၀၁၇ ခုနှစ်တွင် ၃၄၄၃၁၃၃ ဦးရှိကာ ယခင်နှစ်ကာလတူထက် နှိုင်းယှဉ်ပါက ၁၀၈၂၉၅ ဦးတိုးတက်လာသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။         

Most Read

Most Recent