မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အကောင်အထည်ဖော်ရန် ဗြိတိန်နိုင်ငံ၏ DFID က စတာလင်ပေါင်လေးသန်းနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတို့က နည်းပညာပံ့ပိုးကူညီမည်

မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အကောင်အထည်ဖော်ရန် ဗြိတိန်နိုင်ငံ၏ DFID က စတာလင်ပေါင်လေးသန်းနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတို့က နည်းပညာပံ့ပိုးကူညီမည်
မတ် ၄ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအခမ်းအနားကို တွေ့ရစဉ်
မတ် ၄ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအခမ်းအနားကို တွေ့ရစဉ်
Published 4 March 2019
နီလာ

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုယှဉ်ပြိုင်နိုင်မှုနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Myanmar Trade and Investment Project (TIP) အကောင်အထည်ဖော်ရန် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (UK Department International Development DFID) က စတာလင်ပေါင်လေးသန်းနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတို့က နည်းပညာပံ့ပိုးကူညီရန်အတွက် မတ် ၄ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Myanmar Trade and Investment Project (TIP) ကို စတင်အကောင်အထည်ဖော်ပြီဖြစ်ကြောင်းလည်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဆိုပါအခမ်းအနားတွင် ကြေညာခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ခဲ့ခြင်းသည် ငါးနှစ်ပြည့်မြောက်တော့မည်ဖြစ်ပြီး ပို့ကုန်ကဏ္ဍတိုးတက်လာစေရန် ငါးနှစ်ထဲဖြင့် မလုံလောက်ကြောင်း၊ အထူးသဖြင့် အခြေခံအဆောက်အအုံလိုအပ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှု အားနည်းသေးသည့် မြန်မာနိုင်ငံတွင် ရေရှည်စီမံကိန်းအဖြစ် ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း သိရသည်။

“အခုလိုစီမံကိန်းကာလ ငါးနှစ်ပြည့်ခါနီးကာလမှာ ဆက်လက်ကူညီပံ့ပိုးအကောင်အထည်ဖော်နိုင်ဖို့အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ဗြိတိန်နိုင်ငံအစိုးရ၏ အကူအညီနဲ့ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းရခြင်းဖြစ်ပါတယ်” ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

အဆိုပါစီမံကိန်း၏ ကုန်သွယ်မှုအပိုင်းတွင် အဓိကအားဖြင့် အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမပိုင်းတွင် လက်ရှိအမျိုးသား ပို့ကုန်မဟာဗျူဟာဦးစား ပေးကဏ္ဍ ၁၁ ရပ်၏ လုပ်ငန်းစီမံချက်များ  အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် စျေးကွက်အခြေအနေများနှင့် ကိုက်ညီရေးဆောင်ရွက်ရန်၊ ဒုတိယပိုင်းအနေဖြင့် ထပ်မံထည့်သွင်းဆောင်ရွက်မည့် ဦးစားပေးကဏ္ဍငါးခုအတွက် မဟာဗျူဟာဒီဇိုင်းရေးဆွဲရန်ဖြစ်ပြီး တတိယပိုင်းတွင် ဦးစားပေးရွေးချယ်ထားသည့် ပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုးက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုများ သက်ဆိုင်ရာဒေသအသီးသီးတွင် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ပူးပေါင်းကာ မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုဆောင်ရွက်မယ့် TIP စီမံကိန်းကို  ဗြိတိန်နိုင်ငံ DFID အဖွဲ့အစည်းက ရန်ပုံငွေ စတာလင်ပေါင်လေးသန်း ပံ့ပိုးပေးထားပါတယ်။ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) က နည်းပညာပ့ံပိုးပေးမှာ ဖြစ်ပါတယ်။ ဦးဆောင်အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းများအဖြစ် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ ကုန်သည်စက်မှုအသင်းချုပ်တို့က ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ဦးအောင်စိုးက ပြောကြားသည်။                 

Most Read

Most Recent